Monday, October 3, 2011

တရုပ်၏တောင်းဆိုမှု့အပေါ် မြန်မာလူထုရဲ့သဘောထားအချို့

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှုအပေါ် အမြင်များ

Sunday, 02 October 2011 20:52
ဆရာလူထုစိန်ဝင်း - တရုတ်ပြည်နဲ့ မြန်မာပြည်ဆိုတာ မော်စီတုန်း ၊ ချူအင်လိုင်း လက်ထက်ကတည်းက ရင်းနှီးစွာ ဆက်ဆံခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ကြတယ်။ ဒီချစ်ခင်ရင်းနှီးမှု အစဉ်အာလာကို ရသမျှယူမယ်ဆိုတဲ့ လောဘဇောကြောင့် ပျက်စီးမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပိုပြီးတော့ တာဝန်ရှိတယ်။
တရုတ်ဟာ အစဉ်အဆက်က ကိုလိုနီနယ်ချဲ့တွေကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံဖြစ်တယ်။ အခုချိန်မှာ ကိုယ်တိုင်က ကိုလိုနီနယ်ချဲ့လုပ်ရပ်တွေ လုပ်နေတာ သင့်၊ မသင့် စဉ်းစားဖို့ကောင်းတယ်။ မြန်မာနိုင်ငံ ပြည်သူတွေအနေနဲ့ကတော့ ဧရာဝတီကို ဖြစ်တဲ့နည်းနဲ့ ကာကွယ်စောင့်ရှောက်သွားကြရမှာဖြစ်တယ်။ အဲဒါကိုပဲ နောက်ဆုံးအနေနဲ့ အသိပေးလိုက်ချင်တယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ) - ဒီကိစ္စက နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်တယ်။ နိုင်ငံတော်က ပိုင်တယ်ဆိုတဲ့ ရေ၊ မြေ၊ လေတို့ဆိုတာ ပြည်သူလူထုက ပိုင်တယ်။ အစိုးရအဖွဲ့ဆိုတာ ပြည်သူတွေကိုယ်စား ကာလအကန့်အသတ်နဲ့ အုပ်ချုပ်ခွင့်ရတဲ့အဖွဲ့ ဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့အစိုးရတိုင်းဟာ ပြည်သူ့အသံကို နားထောင်ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရက လူထုရဲ့ဆန္ဒကိုထင်ဟပ်ပြီး ဆုံးဖြတ်တာဟာ လူထုရဲ့ကိုယ်စား ဆုံးဖြတ်တာပါပဲ။ တစ်ဖက် အစိုးရအနေနဲ့ လည်း သဘောပေါက်ဖို့လိုတယ်။ လူထုကိုကိုယ်စားပြုတဲ့ အစိုးရဆိုရင် သဘောပေါက်ရမယ်။ တရုတ်အစိုးရ လူထုကိုယ်စားပြုတယ်ဆိုရင် လူထုရဲ့အသံကို နားထောင်မှာပဲ။ မြန်မာနဲ့တရုတ်နိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် ကမ္ဘာတည်သရွေ့ အိမ်နီးချင်းနိုင်ငံတွေအဖြစ် တည်ရှိနေမှာပဲ။ အိမ်နီးချင်းကောင်းပီသစွာ မိတ်ဝတ်မပျက် ဆက်ဆံဖို့လိုပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ မူကြီး ၅ ချက်ကို နှစ်နိုင်ငံ လက်ခံသဘောတူ ထားတဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြည်တွင်းရေးကို မစွက်ဖက်ဘဲနဲ့ ဖြေရှင်းသွားဖို့လိုပါတယ်။ ဒီကနေ့အထိ ကျွန်တော်တို့ ပြည်သူလူထုဟာ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ EIA report ကို မဖတ်ရသေးဘူး။ နောက်ပြီး မူရင်းစာချုပ်တွေကိုလည်း မမြင်ရသေးဘူး။ ဒီတော့ ပြည်သူလူထုအနေနဲ့ ဘယ်လောက်ထိ ထိခိုက်လဲဆိုတာ မသိရဘူး။  တရုတ်အစိုးရ က တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သလို ကျွန်တော်တို့အစိုးရကလည်း ရေ၊ မြေ၊ လေ တိုင်းရင်းသားတွေရဲ့ Land Mark ကို အမျိုးသားရေး လက္ခဏာအနေနဲ့ စောင့်ထိန်းကာကွယ်ဖို့ လိုပါတယ်။ တာဝန်ရှိပါတယ်။ နှစ်နိုင်ငံ ဒီကိစ္စကို ပြေပြေလည်လည် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးသန်းမောင် (စစ်တွေ) - စာချုပ်တွေမှာForce Majeure Clause ဆိုတာပါတယ်။ အဲဒီပြဋ္ဌာန်းချက်တွေအထဲမှာ အကြုံးဝင်နေတယ် ဆိုရင်တော့ အတင်းအကျပ် လုပ်လို့မရတဲ့ အနေအထားရှိပါတယ်။ ဟိုဘက်၊ ဒီဘက် အတင်းအကျပ်လုပ်လို့ မရတဲ့ အနေအထားရှိပါတယ်။ အဲဒီForce Majeure Clauseဆိုတာကတော့ လူထုရဲ့ Public ပေါ်လစီကြောင့်ပဲဖြစ်ဖြစ် အစိုးရရဲ့မူဝါဒ ပြောင်းလို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် စာချုပ်တွေ ပြက်ပျယ်သွားနိုင်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒီအထဲမှာ အကျုံးဝင်နေတယ် ဆိုရင်တော့ အဲဒီ Force Majeure Clause ထဲမှာ အကျုံးဝင်နေတယ် ဆိုရင်တော့ ဒီကိစ္စကို အတင်းအကျပ်လုပ်လို့ မရပါဘူး။

ဦးသာဘန်း -
နှစ်ဦးနှစ်ဘက် MOU တွေ ဘယ်လိုထိုးထားလဲဆိုတာ မသိပါဘူး။ ဒါပေမယ့်လို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအာဏာပိုင်လို့ပြောရမယ့် သမ္မတက ပြောတယ်ဆိုတဲ့ အတွက် ဒီလွှတ်တော်မှာ တင်ပြထားတယ်ဆိုတဲ့အတွက် ဒီအချက်ဟာ ငြင်းလို့ရတဲ့အချက်လို့ မယူဆပါဘူး။ တရုတ်ကတော့ သူတို့ လိုချင်တဲ့ဟာကို ရအောင်ယူတတ်တဲ့ သဘောရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာလည်း အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ သမ္မတကလည်း ပြောတယ်။ နောက်ပြီး ရိုးရိုးပြောတာ မဟုတ်ပါဘူး။ လွှတ်တော်နှစ်ရပ်မှာ ပြောတယ်။ လွှတ်တော်ဆိုတာလည်း ဒီနိုင်ငံမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တယ်။ ဒီလိုမျိုးပြောတဲ့စကားကို သူတို့ လိုချင်သလိုလိုက်ပြီး တရုတ်ဘက်က လိုချင်သလို လိုက်ပြီးပြောင်းလို့ ဖြစ်နိုင်မယ်လို့ မယူဆပါဘူး။

ဒေါ်အေးအေးဝင်း (APသတင်းဌာန) -
တရုတ်အနေနဲ့ကတော့ ပြန်လည်သုံးသပ်ပေးပါလို့ ပြောတာပေါ့လေ။ သူတို့ကလည်း တစ်ခုခုဆိုရင် ဒါမျိုးက သဘောတူညီမျှုထိုးထားတာကို သူတို့အနေနဲ့က သဘောတူထားတဲ့အတိုင်း ဆက်လုပ်စေချင်တဲ့သဘောပေါ့။ ဒါပေမယ့် သမ္မတကြီးကကျတော့ ပြည်သူ သဘောမကျတာကို မလုပ်နိုင်ဘူးလို့ ပြောထားတဲ့အခါကျတော့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရ နှစ်ဦးနှစ်ဖက် ညှိနှိုင်းယူရမှာပေါ့။ ဒါပေမယ့် ညှိနှိုင်းတယ်ဆိုတာ ငွေကြေးတန်ဖိုးနဲ့ပဲ သူတို့ညှိနှိုင်းလို့ ရတော့မယ်။ ဥပမာ ပြန်လျှော့ပေးတဲ့ညှိနှိုင်းမှုမျိုးတော့ လုပ်လို့ရမယ် မထင်ဘူး။ လုပ်လို့လည်း မသင့်ဘူး။ ပြန်လျှော့တယ်ဆိုတာက ကျွန်တော်တို့တော့ဖြင့် ပြန်ပေးဆောက်ပါ့မယ်ဆိုတာမျိုးတော့ ပြောလို့မရတော့ဘူး။ သူတို့ စကားပြောမယ်ဆိုတာက တရုတ်အနေနဲ့ ကုမ္ပဏီတွေမှာ ငွေဝင်နေတာတွေရှိတာကို ပြေလည်အောင် လုပ်စေချင်တဲ့ သဘောပေါ့။ သူတို့တော်တော်တော့ ညှိနှိုင်းရမှာပေါ့။ ဒါပေမယ့် သမ္မတကြီးအနေနဲ့ ရပ်ဆိုင်းထားသင့်တယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို လုပ်ငန်းအနေနဲ့ ရပ်ဆိုင်းထားပြီးတော့ သူတို့သဘောတူညီမှုရဲ့ နားလည်မှုတွေမှာ ညှိနှိုင်းဖို့ ဒီလမ်းပဲရှိတယ်။ သမ္မတကြီးက အခုအချိန်မှာ ပြန်ဆုတ်မှာမဟုတ်တော့ဘူး။ ဆုတ်လို့လည်း မကောင်းတော့ဘူး။ သူ့ဆုံးဖြတ်ချက်ကိုတော့ ဒီအတိုင်းပဲ ထားရမှာပေါ့။ တရုတ်ကတော့ စကားပြောချင်တယ် ပြောတာပေါ့။ အစိုးရနှစ်ဖက်က ပြောကြပေါ့။ ပြောမယ်ဆိုတဲ့အခါမှာလည်း တခြား လုပ်ငန်းသဘောအရ စီးပွားရေးသဘောအရပဲ သူတို့ တစ်ဦးနဲ့တစ်ဦး ညှိလို့ရတော့မယ်။ ပြန်ဆောက်မယ်တို့ ဘာတို့တော့ လုပ်လို့မဖြစ်တော့ဘူး။ ပြည်သူက မလိုလားဘူးဆိုတာ သိပြီးသား သဘောတူပြီးသား ကိစ္စပဲ။ ဘယ်လောက် စကားပြောပြော သမ္မတကတော့ ပြည်သူကို ဘွာတေးခတ်လို့ မရတော့ဘူးလေ။ မိတ်ဝတ်မပျက် ဖြေရှင်းရမှာပဲလေ။ မြစ်ဆုံကိစ္စမှာ သမ္မတကြီးအနေနဲ့ ရပ်လိုက်တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ထင်တာပဲ။ပြည်သူတွေ စိတ်ဆင်းရဲနေတဲ့ ကိစ္စကိုမလုပ်တော့ ဘူးပြောလိုက်တာဟာ အစိုးရအနေ နဲ့ ဒီလိုလိုက်လိုက်ရောရော ပြောလိုက်တာမျိုး တစ်ခါမှမကြားဖူးဘူး။ ဒီကိစ္စကိုတော့ သူကလိုက်လျောပြီး ဒီလောက်တောင် လူတွေအများစု စိတ်ညစ်နေရင် မလုပ်တော့ဘူးဆိုတော့ တော်တော်များများ လူတိုင်းပျော်သွားစေတဲ့ ကိစ္စပေါ့။ သည်အတွက်ကြောင့် အင်မတန်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီလောက် ကောင်းတဲ့ဆုံးဖြတ်ချက် တစ်ခါမှ မကြားဖူးသေးဘူး။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ(အင်ဂျန်းယန်)
အခုအစိုးရက ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို မှန်မှန်ကန်ကန်နဲ့ ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဆုံဆည် တည်ဆောက်ခြင်းကတော့ လုံးဝရပ်တန့်သွားပြီလို့ ယုံကြည်တယ်။ ပြည်သူတွေက မလိုလားဘူးဆိုရင် တရုတ်အစိုးရက ဘာပဲပြောပြော အစိုးရဆက်လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ပြည်သူတွေ အားလုံးကလည်း ယုံကြည်မှာပဲ။ ကျွန်မတို့ နောက်ထပ် ယုံကြည်တာ တစ်ခုကတော့ အခုအစိုးရက သူတို့လက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားမယ်လို့ ကတိပြုသလိုပဲ နောက်တက်လာမယ့် အစိုးရတွေကလည်း ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုမှာမဟုတ်ဘူးလို့ ကျွန်မနဲ့ အတူ လူထုတစ်ရပ်လုံးက အခိုင်အမာ ယုံကြည်ပါတယ်။ နောက်ပြီး ဒီသ၀ဏ်လွှာမှာ ပါသေးတာက နိုင်ငံတော်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်တဲ့ အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းဆစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ အဆိုပါစီမံကိန်းနဲ့ သက်ဆိုင်တဲ့ စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်’ လို့ ဖော်ပြထားပါတယ်။ အဲဒီမှာပါတဲ့အတိုင်း ကျွန်မတို့က ကြိုဆိုပါတယ်။ တရုတ်အစိုးရ အနေနဲ့လည်း ကျွန်မတို့ပြည်သူတွေရဲ့ဆန္ဒကို အလေးထား စဉ်းစားပေးသင့်ပါတယ်။ နောက်ပြီး ကချင်ပြည်နယ်မှာက ငြိမ်းချမ်းရေးက အဓိကပါ။ မြစ်ဆုံဆည်   တည်ဆောက်မှု ရပ်ဆိုင်းလိုက်ခြင်းဟာ ငြိမ်းချမ်းရေးလမ်းစ ပွင့်သွားပြီလို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဘာလုပ်လုပ် မအောင်မြင်နိုင်ပါဘူး။ ငြိမ်းချမ်းရေးရှိမှသာ နှစ်ဖက်နိုင်ငံအတွက် အရာရာကို အောင်မြင်အောင် ဆောင်ရွက်သွားပါလိမ့်မယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com