Friday, October 14, 2011

မိုး​ဗြဲ​ရေကာတာ ​ဖောက်ချသဖြင့်​ ကယား​ပြည်နယ် လွိုင်​ကော်မြို့ ​ရေလွှမ်း

  October 14, 2011 by မန်းစိုင်းမွန် 
ကယား​ပြည်နယ် မိုး​ဗြဲ​ရေကာတာက ​ရေ​ဖောက်ချလို့​ လွိုင်​ကော်မြို့​တဝိုက် ​ရေလွှမ်း​မိုး​နေပါတယ်။
မိုး​ဗြဲ​ ရေကာတာကို သက်ဆိုင်ရာက​ဖောက်ချတာ​ကြောင့်​ ​အောက်တိုဘာလ ၁၀ ရက်ကစပြီး​ လွိုင်​ကော်မြို့​နား​က ရွာတချို့​ရေမြုပ်ကုန်တယ်လို့​ ​ရေ​ဘေး​လွတ်ရာ တိမ်း​ရှောင်လာတဲ့​ ​ဒေသခံတဦး​က ​ပြောပါတယ်။
“စက်တင်ဘာ၂၈ ရက်ကစပြီး​တော့​ ​ရေလွှတ်တယ်။ ၉ ရက်​မြောက်တဲ့​အခါ ​ဖောင်း​တောရယ်၊​ ဘုရား​ဖြူရယ် ဘုရား​နီရယ်မှာ အိမ်​ခြေက ၃၀၀ ​ကျော်မယ်။ လူဦး​ရေက ၂၀၀၀၀ ​လောက်ရှိမယ်။ အဲဒီမှာ မြုပ်ကုန်ပြီ။ လူ​တွေ အကုန်လုံး​ပြောင်း​ကုန်ပြီ။ လွယ်​ကော်ဘက်နန်း​ကွတ်က တကယ့်​ စိုး​ရိမ်ရတဲ့​ ​နေရာ​တွေ အဲဒီမှာ​ရေထပ်များ​လာရင်​တော့​ ဟိုး​ဘက်​အောက်​ရေကလျှံသွား​မှာ​လေ။”

KDRG ​ခေါ် ကရင်နီဖွံ့​ဖြိုး​ရေး​သု​တေသနအဖွဲ့​က တာဝန်ခံ ခူ​သောရယ်က ​ရေ​ဘေး​ဒုက္ခသည်​တွေမှာ အ​ရေး​ပေါ်အကူအညီ​တွေလို​နေတယ်လို့​ဆိုပါတယ်။
“​ရေကလည်း​ ဖောက်ချ​နေတုန်း​ပဲ။ ရွာ ၃ ရွာက​တော့​ ​ရေမြုပ်တာ​ပေါ့​နော်။ တထပ်အိမ်ဆို ​ခေါင်မိုး​အထိ ​ရေ​ရောက်တယ်။ ဘုရား​ဖြူ၊​ ဘုရား​နီ၊​ ​ခေါင်း​တော အဲဒီမှာ​တော့​ ​ရေအဆိုး​ရွား​ဆုံး​ကြီး​တယ်။ လွိုင်​ကော်မြို့​ပေါ်​တွေမှာလည်း​ကြီး​တယ်။ ဒါ​ပေမယ့်​ အဲဒီ ၃ ရွာ​လောက်​တော့​ ​ရေက မတက်ဘူး​ပေါ့​။ အစိုး​ရက လူ​တွေကို ထွက်သွား​ဖို့​တော့​ တိုက်တွန်း​တာ​တွေရှိတယ်။ အကူအညီက​တော့​ ​ဒေသခံလူမှုအဖွဲ့​အစည်း​တွေကပဲ သူ့​နည်း​သူ့​ဟန်၊​ ကိုယ်ထူကိုယ်ထနဲ့​ပဲ အချင်း​ချင်း​ကူကြတယ်။ သူတို့​ အ​ရေး​တကြီး​ လိုအပ်​နေတာက ​လောင်စာ​ပေါ့​နော်၊​ မီး​သွေး​။ ​သောက်​ရေရယ်၊​ အစား​အစာ​ပေါ့​၊​ ​နောက်တခုက ​ဆေး​ဝါး​။”
မိုး​ဗြဲ​ရေကာတာက ​ရေဆက်စပ်စီး​ဆင်း​လာတဲ့​ ဘီး​လင်း​ချောင်း​မြစ်ဝှမ်း​တ​လျှောက်မှာရှိတဲ့​ စိုက်ပျိုး​ရေး​နယ်​မြေ​တွေ ​ရေလွှမ်း​မိုး​တာ​ကြောင့်​ စိုက်ပျိုး​ရေး​ထွက်ကုန်သီး​နှံ​တွေ ပြတ်လပ်လာတဲ့​အပြင် ဆန်​ဈေး​ ၂ ဆနီး​ပါး​တက်သွား​ပြီ ဖြစ်ပါတယ်။
အရင် ကျပ် တ​သောင်း​ခွဲ​ပေး​ရတဲ့​ သုံး​ပုံး​ဝင် ရှမ်း​ဆန်အိတ်ငယ်တအိတ်ကို အခု ကျပ် ၂ ​သောင်း​ခွဲနီး​ပါး​ပေး​ရပြီး​ ဗမာဆန်က​တော့​ ကျပ် တ​သောင်း​ခွဲအထိ ​ဈေး​တက်​နေပါတယ်။
ကယား​ ပြည်နယ်မှာ မနှစ်က မိုး​ခေါင်ခဲ့​လို့​ ဆန်စပါး​မထွက်နိုင်ခဲ့​သလို အခုနှစ်မှာ​တော့​ ​ရေလွှမ်း​မိုး​မှု​ကြောင့်​ စိုက်ပျိုး​ထား​တဲ့​ဆန်စပါး​တွေ အား​လုံး​နီး​ပါး​ပျက်စီး​ကုန်ပြီဟု ​ဒေသခံ​တွေက ​ပြောပါတယ်။
ကယား​ ပြည်နယ်မှာရှိတဲ့​ ​ရေအား​လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံကို ပံ့​ပိုး​ဖို့​မိုး​ဗြဲ​ရေကာတာကို မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီ ဦး​နေဝင်း​အစိုး​ရလက်ထက် ၁၉၆၂ခုနှစ်မှာ စတင်တည်​ဆောက်ခဲ့​တာဖြစ်ပါတယ်။ ဒီ​ရေကာ​ဆောက်လုပ်မှု​ကြောင့်​ ကယား​၊​ ကယန်း​၊​ ပ​ဒေါင်နဲ့​ ပအို့​လူမျိုး​တွေအ​ခြေချ​နေထိုင်ခဲ့​တဲ့​ ရွာ​ပေါင်း​ ၂၄ ရွာ ​ရေ​အောက်ကို မြုပ်သွား​ပါတယ်။
မိုး​ဗြဲ​ ရေကာတာ​ရေလျှံမှု​ကြောင့်​ ကယား​ပြည်နယ်မှာ အခုလို ​ရေလွှမ်း​မိုး​မှု​တွေ ဖြစ်​နေ​ပေမယ့်​ မြန်မာအစိုး​ရနဲ့​ချုပ်ဆိုထား​တဲ့​ နား​လည်မှု စာချွန်လွှာ​တွေအရ တရုတ်ကုမ္ပဏီဟာ ဒီနှစ်အတွင်း​ ​ရေကာတာ ၃ ခုကို ကယား​ပြည်နယ်အတွင်း​ တည်​ဆောက်​ရေး​အတွက် ပြင်ဆင်​နေကြတယ်လို့​လည်း​ သိရပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com