|
![]() မြန်မာနိုင်ငံသည် စက်မှုကို အခြေခံသော စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး သည့် နိုင်ငံမျိုးမဟုတ်ဘဲ သဘာဝ သယံဇာတများကို အသုံးချသော စီးပွားရေးလုပ်ငန်းများသာ အဓိကဖြစ်နေကာ အဆိုပါ သယံဇာတများမှာလည်း လျော့နည်းလာမှုကို ကြုံတွေ့ နေရကြောင်း သိရှိရသည်။ “မြန်မာနိုင်ငံမှာ သဘာဝရင်းမြစ်များတယ်။ ဒါပေမယ့် ဘယ်လောက်ရှိမှန်း မသိဘူး။ ဘယ်လောက် ဆုံးရှုံးသွားမှန်းလည်း မသိကြဘူး။ ဒါဟာ တစ်ချိန်မှာတော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်”ဟု ထိုင်းနိုင်ငံရှိ UNEP, AIT Regional Resource Center for Asia Pacific မှ ဦးတင်အောင်မိုး ကပြောကြားသည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကျောက်မျက် သယံဇာတ တူးဖော်ရေးလုပ်ငန်းများ၊ ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေရာတွင် ကချင်ပြည်နယ်ရှိ လုံးခင်း-ဖားကန့် ရတနာနယ်မြေအတွင်း၌ပင် လုပ်ကွက်ပေါင်း ၇၅၃၅ ဖြင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည်လည်း ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့စသော သယံဇာတများပေါ်တွင်သာ အဓိက လုပ်ဆောင်မှုရှိထားသည်။ “ ကျောက်မျက်တွေ တူးဖော်ကြတယ်။ ပတ္တမြားတွေ ရောင်းကြတယ်။ ရောင်းရတဲ့ ပိုက်ဆံကိုပဲ မြင်တာ။ တကယ်တော့ ကုန်ကျစရိတ်ကလည်း မသက်သာဘူး။ နောက်ပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနဲ့တွက်ရင် ရောင်းရတဲ့ငွေက တကယ်မြတ်တာရော ဟုတ်ရဲ့လားလို့ စဉ်းစားဖို့ လိုပါတယ်”ဟု ဦးတင်အောင်မိုးက ဆိုပါသည်။ လက်ရှိတွင် နိုင်ငံတွင်း၌ သစ်တောပြုန်းတီးမှုများကိုလည်း ရင်ဆိုင်နေရကာ သစ်တောပြုန်းတီးမှု သည် သစ်များကို စီးပွားဖြစ် အလွန်အကျွံထုတ်လုပ်၍ ဖြစ်ပေါ်နေသည်။ “သစ်တောတွေလည်း ပြုန်းတီးမှုဖြစ်လာတယ်။ သစ်တောတွေလည်း ကုန်တော့မယ်။ မျိုးစိတ်တွေလည်း ပြုန်းတီးမှုတွေရှိလာတယ် “ WWF International Greater Mekong Programme မှ ဦးတင်သန်းက ပြောကြားသည်။ “DATA တွေရှိဖို့လိုပါတယ်။ DATA မရှိရင် ကျဆုံးတာပါပဲ။ ဒါကတော့ ဌာနတစ်ခု၊ အေဂျင်စီတစ်ခုနဲ့ မရပါဘူး။ ပူးပေါင်းမှရမယ်”ဟု ဦးတင်အောင်မိုးက ပြောကြားသည်။ သဘာဝ သယံဇာတရင်းမြစ်များသည် အကန့်အသတ်နှင့်သာ တည်ရှိသောအရာများဖြစ်၍ ရနိုင်သရွေ့တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းများ ဆက်လက်ပြုလုပ်နေပါက တစ်ချိန်တွင် သယံဇာတများ နည်းပါးမှု၊ ကုန်ခမ်းမှုနှင့် ရင်ဆိုင်လာရနိုင်ကြောင်းလည်း ပညာရှင်အချို့က သုံးသပ်ကြသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com