Thursday, December 8, 2011

၁၉၈၈.၈.၈-နေ့ရက် အရိပ်ဆိုးများနှင့်ကျောင်းသားများဘဝ

ကျောင်းသားသမဂ္ဂရဲဘော် ကိုဇော်လင်းထွန်းအတွက် ရက်လည်ဆွမ်းကပ်
ဗကသများအဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်းသဝဏ်ပေးပို့
ဒီမိုပန်း၊ ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၁ ခုနှစ်
            အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သော ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တဦးဖြစ်သည့် ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်းသွတ် တရားနာကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့ နေအိမ်၌ပင် ပြုလုပ်ခဲ့ပါသည်။ ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်းသွတ်ပွဲသို့ ကျောင်းသားလူငယ်များ၊ ရန်ကုန်မြို့ရှိ ဒီမိုကရေစီ လှုပ်ရှားသူများနှင့် ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ တက်ရောက်ခဲ့ကြပါသည်။




ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်းကျွေးသို့ တက်ရောက်လာကြသူများ

             ဖိုးဇော် (ခ) ကိုဇော်လင်းထွန်းသည် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)နှင့်ဆက်သွယ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တကြိမ်၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိတကြိမ် အကျဉ်းထောင်ထဲတွင် စုစုပေါင်း (၁၅) နှစ်ကျော် နေထိုင်ခဲ့ရပါသည်။

ထို့နောက် အကျဉ်းထောင်ထဲတွင် အသည်းကင်ဆာရောဂါကို အပြင်းအထန်ခံစားနေရပြီး၊ သေရက်နီးကပ်လာ သည့်အချိန်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံရှိ တည်ဆဲအစိုးရက လွတ်ငြိမ်းချမ်းသာ အမိန့် တခုဖြင့် အကျဉ်းသားများကို လွှတ်သည့်အခါ ကိုဇော်လင်းထွန်း ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။

လွတ်မြောက်ပြီးနောက် လူ့လောကတွင် ၁ လနှင့် ၁၈ ရက်ခန့် အသက်ရှင်နေထိုင်ရပြီး၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျောက်တံခါးမြို့၊ နေအိမ်၌ ကွယ်လွန်သွားခဲ့ပါသည်။ ကျောင်းသားလှုပ်ရှားမှုများတွင် တလျှောက်လုံး ပါဝင်ခဲ့သည့် ကိုဇော်လင်းထွန်းအတွက် ရည်စူး၍ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရက်လည် အခမ်းအနားတွင် ဆရာတော်များအား သင်္ကန်းတစုံကပ်လှူခဲ့ပါသည်။
 
ဗကသများအဖွဲ့ချုပ်မှ ကပ်လှူခဲ့သည့် သင်္ကန်းတစုံ
                        တိုင်းပြည်အတွက် ပေးဆပ်ခဲ့သည့် ကိုဇော်လင်းထွန်းကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း နှင့် တခြားဒီမို ကရေစီသူရဲကောင်းများနှင့်အတူ မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုမှတ်တမ်းတွင်လည်း ဂုဏ်ယူစွာ မော်ကွန်း ရေးထိုးအပ်ပါ ကြောင်း ဖေါ်ပြထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏သဝဏ်လွှာကို ဗကသများအဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက မိသားစုထံ ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာပေးပို့ခဲ့ရသည့်အကြောင်းနှင့်ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကို လင်းထက်နိုင်က

“ကိုဇော်လင်းထွန်းဟာ ကျောင်းသားလှုပ်ရှားမှုမှာ စွန့်လွတ်အနစ်နာခံ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုဇော်လင်းထွန်းရဲ့ စွန့်လွှတ်အနစ်ခံမှုတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဂုဏ်ယူကြောင်း သဝဏ်လွှာကို အခုလို ပေးပို့ခဲ့တာဖြစ်ပါတယ်။”

ဟု ပြောကြားခဲ့ပါသည်။

(အပေါ်ဆုံးက ပုံမှာ ကိုဇော်လင်းထွန်း မလွတ်မြောက်မီ၊ အကျဉ်းကျနေစဉ်၊ အင်းစိန်ထောင်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်စဉ် တွေ့ခဲ့ရတဲ့ဓာတ်ပုံဖြစ်ပါတယ်။ မိုးမခမိတ်ဆွေတဦး ထောင်ဝင်စာသွားစဉ် ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ ယခုတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီမော်ကွန်းဝင် သူရဲကောင်းတဦး ကွယ်လွန်ခဲ့ပြီ)
           

No comments:

Post a Comment

wwwwnyinyi@gmail.com