မတ်လ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)သတင်း
(ဓါတ်ပုံ အိမ့်ခိုင်ဦး)၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီး ရှင်းလင်းပြောဆိုနေစဉ်

ကိုမင်းကိုနိုင်က ယခုရွေးကောက်ပွဲသည် ၎င်းတို့အနေဖြင့် မလွဲမသွေရင်ဆိုင်ရမည်ဖြစ်၍ ပန်းတိုင်တခု မဟုတ်သော်လည်း ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု ပြောဆိုကာ “ရွေးကောက်ပွဲဟာ ဘယ်လောက် တရားမျှတသလဲ။ လွတ်လပ်ပြီး သန့်ရှင်းမှုရှိသလဲ ဆိုတာ စောင့်ကြည့်ဖို့ အထိုက်အလျှောက် တာဝန်ရှိတယ်လို့ ကျနော်တို့ ခံယူလို့ ဒီကွန်ရက်ကို ဖွဲ့စည်းထားပါတယ်” ဟု ပြောဆိုသည်။
ယခုလိုစောင့်ကြည့်လေ့လာရေးတွင် ၈၈မျိုးဆက်ချည်းသာ မလုံလောက်နိုင်ဟု နားလည်သဖြင့် ယခင်၂၀၁၀ ရွေးကောက်ပွဲတုန်းက စောင့်ကြည့်သည့် အတွေ့အကြုံရှိဖူးသူကို လက်ကမ်းပူးပေါင်းဖွဲ့စည်း သွားမည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ထိုသို့စောင့်ကြည့်လေ့လာရေး ကွန်ယက်မှ ရွေးကောက်ပွဲဥပဒေကို အခြေခံပြီး မဲရုံတွေရဲ့ မဲရလဒ်တွေ စောင့်ကြည့်လေ့လာသွားမည့်အပြင် ၈၈မျိုးဆက်အဖွဲ့မှ ရွေးကောက်ပွဲအပြီးတွင် သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်သွားမည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ ပြောသည်။
၎င်းက ယခုကြားဖြတ် ရွေးကောက်ပွဲသည် နေရာအရေအတွက်အရ ကြည့်ပါက ၄၈ နေရာသာရှိသဖြင့် လွှတ်တော် နေရာ တစ်ထောင်ကျော်နှင့်ယှဉ်ကြည့်လျှင် မပြောပလောက်သော်လည်း ထူးခြားသည့် ၀ိသေသ ရှိသည်ဟု ပြောဆိုသွားကာ “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရေးပါတဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခြင်းမရှိပဲနဲ့ ကျင်းပခဲ့တယ်။ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပြန်လည်မှတ်ပုံတင် အရွေးခံမယ်ဆိုတော့ အရေအတွက်အရ မပြောပလောက်ပေမယ့် ၀ိသေသထူးခြားတဲ့ ရွေးကောက်ပွဲ လက်ခံထားခဲ့ပါတယ်” ဟု ပြောသည်။
ယခု ကွန်ရက်အနေဖြင့် မည်သည့်ပြည်ပ အဖွဲ့အစည်း၏ ထောက်ပံ့မှုကို လက်ခံရယူထားခြင်း မရှိပဲ စေတနာရှင် တဦးချင်း လှူဒါန်းထားသောငွေနှင့် စုဆောင်းထားသော ငွေများနှင့် အကန့်အသတ်ထား လုပ်ရမည်ဖြစ်သည်ဟု ဌင်းက ရှင်းလင်းပြောဆိုခဲ့သည်။
မတ်လ ၂၄ရက်နေ့မှ စတင်ကာ စေတနာ့ဝန်ထမ်း စောင့်ကြည့်သူများမှ စောင့်ကြည့်လေ့လာရေး ကွန်ရက်ထံသို့ ဆက်သွယ်သတင်းများပေးပို့နိုင်ရန် စီစဉ်ထားသည်ဟုသိရသည်။
အဆိုပါရွေးကောက်ပွဲ ကော်မရှင်တွင် စောင့်ကြည့်လေ့လာသူများမှာ နယ်ခံများဖြစ်ပြီး ယခုလို ပြည်သူများထဲမှ စောင့်ကြည့်လေ့လာမှု ပြုခြင်းသည် ပြည်သူများကိုယ်တိုင် ပါဝင်လာသည့် တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရန် ရည်ရွယ်ချက်ဖြစ်သည်ဟု သိရသည်။
“ လုပ်ရတဲ့ရည်ရွယ်ချက်က ပါတီအောင်နိုင်ရေး အတွက် မဟုတ်ပါဘူး။ ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ပါ အတတ်နိုင်ဆုံး ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမှာပါ။ တဖက်က ရွေးကောက်ပွဲ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေး အကြီးအကဲပုဂ္ဂိုလ်တွေကို အသိပေးချင်တာက ကျနော်တို့ ဆောင်ရွက်ခြင်းဟာ ဒီရွေးကောက်ပွဲ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”လို့ ကိုကိုကြီးမှ ပါတီအောင်နိုင်ရေးနှင့် ကင်းရှင်းသည့်အချက်ကို ရှင်းလင်းပြောဆိုသွားသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com