Tuesday, March 13, 2012

အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချီးမြှင့်

မင်းလွင်

မြန်မာနိုင်ငံမှာ ထူးချွန်တဲ့ သတင်းသမားတွေကို ပထမဆုံး အ ကြိမ် အဖြစ် ပေးအပ် ချီးမြှင့်တဲ့ အမျိုးသားသတင်းဆုရှင်တွေ စာရင်းကို ဆုချီးမြှင့်ရေး ကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားသတင်းဆုမှာ အမျိုးအစား ၅မျိုးပါရှိပြီး အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်း ဓာတ်ပုံဆုနဲ့ အကောင်းဆုံး သတင်း ကာတွန်းဆုတို့ ဖြစ်ပါတယ်။

အကောင်းဆုံးသတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ နိုင်ငံအနာဂတ်သစ် အတွက် အစပျိုးခြင်း သ တင်း ရေးတဲ့ နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရီဝင်း၊ ၀င့်ဝဒီနဲ့ ကုမုဒြာဆက်စပ် သတင်းအဖွဲ့တွေက ရရှိသွားတယ်လို့ ဆုချီးမြှင့်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။

အကောင်းဆုံး ဆုရ သတင်း ဆောင်းပါး ဆုကိုတော့ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ ဆဲဗင်းလ်ဒေး နယူးစ်ဂျာနယ် မှာပါတဲ့ လက်နက်ကိုင်စကားဝိုင်းပေါ်ရောက်ပြီလား ဆောင်းပါးရေးတဲ့ ငြိမ်းငြိမ်းနိုင်က ရရှိပြီး၊ အကောင်းဆုံး သတင်းဓာတ်ပုံ ဆုကိုတော့ ၂၀၁၁ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့ ထုတ်တဲ့ ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ အငြိမ်းစားများ သတင်း ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အောင်နိုင်စိုးက ရရှိ သွားပါတယ်။ အကောင်းဆုံး သတင်းကာတွန်း ဆု ကိုတော့ ၂၀၁၁ ဇူလိုင်လ ၂၆ ရက်နေ့ ထရူးနယူးစ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲ ကလိုတော့ သတင်းကာတွန်း ရေးဆွဲတဲ့ သီဟ(စခန်းသစ်) က ရရှိသွားပါတယ်။

မူလက အကောင်းဆုံး ၅ ဆုရွေးချယ်မယ်လို့ ကြေညာထားပေမယ့် အကောင်းဆုံး အာဘော် ဆောင်းပါးဆုကိုတော့ ဆုရွေးချယ် ပေးနိုင် ခြင်း မရှိခဲ့ပါဘူး။ ဒီ သတင်းအာဘော် ဆောင်းပါး ဆုအတွက် ဆန်ခါတင် အမည်စာရင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ရာမယန ဆောင်းပါးလည်း ပါဝင်နေတယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။

“အထူးခြားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမယနဆိုတာကို News Watch ဂျာနယ်က ပါလာတယ်။ ဒါပေမယ့် အဲဒီဟာက ဘာဖြစ်နေလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၄ ခုနှစ်လောက်က သူမ နေအိမ်မှာ ပြောခဲ့တဲ့ စကားဖြစ်နေတယ်။ ဒါ့အပြင်ကို နောက်ပိုင်း ၂နှစ်၊ ၃နှစ်လောက် ခြားပြီးတော့ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ စာအုပ်ထုတ်ခဲ့တဲ့ ဆောင်းပါးဖြစ်နေတယ်။ ကျနော်တို့ ပြောထားတာ ၂၀၁၁ ခုနှစ် အတွင်းမှာ ရေးထားတဲ့ ဆောင်းပါးပဲ ဖြစ်ရမယ်ဆိုတော့ အကျုံးမ၀င် ဖြစ်သွားတယ်။”

အကောင်းဆုံး ၄ ဆုအပြင် ၂၀၁၁ ခုနှစ်အတွက် ဖြည့်စွက်ဆု ၁ ဆု ဖြစ်တဲ့ ၁ နှစ်အတွင်း ထူးခြားတဲ့ အမျိုးသား သတင်းဓာတ်ပုံ ဆုကို ၂၀၁၁ ခုနှစ် သြဂုတ် ၂၀ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓာတ်ပုံ အဖြစ် ဖေါ်ပြခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံအောက်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲပြီးရိုက်ထားတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးသူ မြန်မာ့သတင်းစဉ်က မောင်မောင်သန်း (ကော့မှုး) ကို ရွေးချယ်ခဲ့ပါတယ်။

နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း သတင်း ရေးသားခဲ့သူ တဦးဖြစ်တဲ့ သတင်းထောက် နန်းလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှုဟာ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့် လှစ်လိုက်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို ရေးခဲ့ရတာပါလို့ ပြောပါတယ်။

“အဓိကတော့ ဒေါ်စုနဲ့ ကလင်တန် တွေ့တဲ့အကြောင်းကို ရေးထားတာ၊ ဘယ်လို အသေးစိတ် ဆွေးနွေးခဲ့တယ်၊ သူတို့ရဲ့ပုံစံတွေကို ထည့် ရေးထားတာ။ သူတို့ဘယ်လို တွေ့တယ်၊ ဆွေးနွေးချိန် ဘယ်လောက်ကြာတယ်၊ သူတို့ နှစ်ယောက်တွေ့တာက ကျမတို့ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တယ်။ နိုင်ငံအသစ် တခုအတွက်ကို အစပျိုးလိုက်တယ် ဆိုပြီး ခေါင်းစဉ်တင်ပြီး ရေးထားတာပါ။”

ဒီဆုဟာ ၂၀၁၁ ခုနှစ် ၁ နှစ်တာအတွင်း ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို စိစစ် ရွေးချယ်တာ ဖြစ်ပြီး ဆု ၁ ဆုအတွက် ကျပ် ငွေ ၁၀ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆုပေးပွဲကို မတ် ၁၈ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ ဂုဏ်ပြု အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့ ဆုရွေး ချယ်ရေး ကော်မတီကနေ စုံစမ်းသိရပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com