Sunday, October 23, 2011

ပြည်တွင်းဖြစ်ကိုအားပေးပါ။(ဖတ်ဖြစ်အောင်ဖတ်၊လုပ်ဖြစ်အောင်လုပ်ပါလို့တိုက်တွန်းပါရစေ)

 ထိုဆောင်းပါးရှင်အယူအဆကိုလက်ခံသည်။မှန်ကန်သင့်တော်သည်ဟု

 မြင်သောကြောင့်အများဖတ်နိုင်ရန်post အဖြစ်ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

ထိုသို့သောတရုတ်စားသုံးကုန်၊လူသုံးကုန်များသည်အန္တာရယ်မကင်းကြောင်း

မြန်မာပြည်တခုတည်းကပြောဆိုနေခြင်းမဟုတ်ပါ။

ဂျပန်နိုင်ငံသတင်းဌာနများတွင်နေ့စဉ်တမျိုးမဟုတ်တမျိုးပါကြားသိနေ

ရပါတယ်။

 တရုတ်ပြည်ထုတ်ပစ္စည်းတွေကို မ၀ယ်ဘူး၊ မသုံးဘူးဆိုတဲ့ နေရာကနေ ကျမတော့ စကြည့်လိုက်တော့မယ်

by May Thingyan Hein on Saturday, October 22

by Ah Bayah on Saturday, 22 October 2011 at 21:17
လူမှန်းသိတတ်စအရွယ်ကတည်းက မုန့်လုပ်ငန်းတွေက သီတင်းကျွတ်လကို အများကြီးအားထားပြီး ထုတ်လုပ်ရောင်းချခဲ့တာလည်း မှတ်မိနေခဲ့ပါသေးတယ်။မနေ့တုန်းကတော့ ထူးထူးဆန်းဆန်း ကျမ ခင်ပွန်းသည်ဆီက စကားကြားရတော့ ကျမတော်တော့်ကို စိတ်မကောင်းဖြစ်သွားခဲ့ရတယ်။
 ကျမခင်ပွန်းက ....ဂျုံစက်တာဝန်ခံတယောက်ပါပဲ။ သူ့ဆီကနေ ပြည်တွင်းက မုန့်လုပ်ငန်းတွေ အကြောင်း၊ မုန့်လောကအကြောင်း ကြားရလေ့ရှိပါတယ်။
မနေ့က သူပြောတာကတော့ ဒီနှစ်အတွင်းမှာ ပြည်တွင်းက မုန့်လုပ်ငန်းအချို့ လုပ်ငန်းရပ်ရတဲ့အထိ ပြုတ်သွားတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲလို့ မေးတော့ သူက မျက်နှာပျက်ပျက်နဲ့ ဆက်ပြောပါတယ်။
`တရုတ်ပြည်ထုတ်တဲ့မုန့်တွေက ဈေးပေါပေါနဲ့ ၀င်လာတယ်၊ အဲဒီမုန့်တွေနဲ့အပြိုင်ပြည်တွင်းက မုန့်တွေက လိုက်မရောင်းနိုင်ကြဘူးလေ၊ တရုတ်မုန့်တွေက တထုတ်ကို ကျပ် ၆ရာလောက်နဲ့ ၁ ထောင်လောက်နဲ့ ရောင်းနေတာ၊ တကယ်အံ့သြစရာကောင်းတယ်။ တကယ့်ဂျုံအစစ်နဲ့သာလုပ်တယ်ဆိုရင် ဒီဈေးနဲ့ သူတို့ ဘယ်လိုမှ မရောင်းနိုင်ဘူး၊ ခုလို ဈေးပေါပေါနဲ့ ရောင်းနိုင်တယ်၊ ဒီက ဂျုံ့နဲ့လုပ်တဲ့ မုန့်တွေကတော့ အဲဒီလောက်ဈေးနဲ့ ဘယ်ရောင်းနိုင်မှာလဲ၊ ခုတရုတ်ပြည်ထုတ်ပြီး နယ်စပ်က ၀င်လာတဲ့မုန့်တွေရောင်းနေတဲ့ဈေးနဲ့ဘယ်လိုမှ ချရောင်းလို့မရဘူး အဲဒီတော့ ပြည်တွင်းက လုပ်ရောင်းနေတဲ့ မုန့်တွေ မရောင်းရဘူးလေ၊ ကြာကြာတောင့်မခံနိုင်တဲ့သူကတော့ ပြုတ်ကုန်မှာပဲ`လို့ သူက ပြောပြီး သက်ပြင်းချတယ်။
ဒါ့အပြင် တရုတ်မုန့်တွေက ပါကင်မှာလည်း လှတဲ့အကြောင်း၊ ဈေးကလည်း အံ့သြစရာကောင်းလောက်အောင်ကို သက်သာနေတော့ ၀ယ်တဲ့သူတွေက တရုတ်မုန့်တွေကိုပဲ ၀ယ်သွားကြောင်း သူက ပြောပါတယ်။သူ့စကားကြောင့် ကျမတော်တော်လေး ရင်ခံသွားခဲ့ပါတယ်။
တရုတ်မုန့်တွေရဲ့ အရည်အသွေးကို ကျမကြားဖူး ဖတ်ဖူးထားတာတွေရှိပါတယ်။ တရုတ်ပြည်က နို့မှုန့်တွေမှာ မယ်လမင်းဓါတ်တွေပါနေတာ၊ တရုတ်ပြည်က နို့မှုန့်နဲ့လုပ်တဲ့ မုန့်တွေမှာလ်း မယ်လ်မင်းတွေပါဝင်ပြီး စားတဲ့သူတွေကိုလည်း အန္တရာယ်ဖြစ်စေတာတွေကို သတင်းသမားဖြစ်နေတော့ သိနေမြင်နေကြားနေခဲ့ရတာကိုး။ ဒါ့အပြင်ကျမခင်ပွန်းက အိန္ဒိယက Food Techonology  မှာ မုန့်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး သင်ကြားခဲ့တဲ့သူပါ။ သူ အိန္ဒိယကနေ ပြန်လာတော့ အစားအသောက်တွေကို စားတိုင်း အန္တရာယ်ကင်းမကင်း အမြဲသတိထားလေ့ရှိပါတယ်။
`ပေါင်မုန့်လို အစားအသောက်နဲ့ဆိုင်တဲ့ မုန့်တွေက ကြာကြာအထားမခံကြပါဘူး၊ မှိုတက်တတ်တယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေက အစားအသောက်ထုတ်လုပ်ရာမှာ နည်းဟောင်းတွေကိုပဲ သုံးကြတာများတယ်။ဓါတုပစ္စည်းတွေကိုလည်း သိတ်မသုံးဘူး၊ အဲဒါကြောင် မုန့်တွေက အမြင်မလှဘူး။ လူကြိုက်နည်းတယ် ဒါပေမဲ့ စားသုံးသူတွေအတွက်တော့ အန္တရာယ်ကင်းတယ်`လို့ သူက ပြောတတ်တယ်။
 စူပါမားကတ်တွေမှာသွားတိုင်းလည်း မုန့်တွေကို သေချာကြည့်ပြီး အမြဲပြောတယ်။ တရုတ်ပြည်က မုန့်တွေကိုတွေ့ရင် သူက ဈေးနှုန်းကိုကြည့်ပြီး ဝေဖန်လေ့ရှိပါတယ်။
 `တရုတ်ပြည်က မုန့်တွေ အမြင်လှအောင်လုပ်တယ်၊ ပါကင်လှအောင်လုပ်ပြီး ရေးချင်တာရေးထားကြတာ တရုတ်စာဆိုတော့ ဘယ်သူကမှလည်း သေချာမဖတ်ကြဘူး၊ ဘယ်လိုထုတ်လုပ်ထားတာလည်း ဘာတွေနဲ့ ထုတ်လုပ်ထားတာလဲ ဆိုတာလည်း ဘယ်သူကမှ မစစ်ဆေးပဲနဲ့ ရောင်းနေကြတာ၊ တရုတ်ပြည်ကလည်း ဒီလဈေးသက်သက်သာသာနဲ့ ရောင်းနိုင်အောင် လုပ်ထားတော့ စဉ်းစားစရာပဲ။`လို့ သူက အမြဲပြောတတ်တယ်။
သူပြောပြချက်တွေကို နားထောင်ရပြီးကတည်းက ကျမ သားသမီးတွေကို တရုတ်ပြည်ကလုပ်တဲ့ မုန့်မကျွေးရဲတော့ပါဘူး။ နွားနို့နဲ့ လုပ်တဲ့ မုန့်တွေတင်မက တခြားတရုတ်ပြည်ထုတ်မုန့်တွေကိုလည်း စိတ်မချရဲတဲ့အတွက် တရုတ်ပြည်ကတင်သွင်းတဲ့ မုန့်တွေ အစားအသောက်တွေ မှန်သမျှ ၀ယ်မကျွေးခဲ့တာပါ။
 ပြည်တွင်းက မုန့်လုပ်ငန်းတွေရဲ့ အကြောင်းကိုလည်း ကျမနည်းနည်းပြောချင်ပါတယ်။ အများကြီးတော့ မသိပါဘူး။ သိထားတဲ့ နည်းနည်းကိုပဲ ပြောချင်တာပါ။ ပြည်တွင်းမှာ တနိုင်တပိုင်အလုပလုပ်နေကြတဲ့ သူတွေ ရှိပါတယ်။ တနိုင်တပိုင်လုပ်တယ်ဆိုကတည်းက ငွေပင်ငွေရင်းကြီးကြီးနဲ့ လုပ်နေကြတာ မဟုတ်ပါဘူး။ စင်ကာပူမှာ၊ မလေးရှားမှာ၊ ထိုင်းမှာ စတဲ့ နိုင်ငံတွေမှာ မိသားစုပစ်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ကြပြီး ရလာတဲ့ငွေတွေနဲ့ တနိုင်တပိုင် လုပ်ငန်းတွေလုပ်ကြပါတယ်။ အဲဒီလို တနိုင်တပိုင်လုပ်ငန်းငယ်တွေထဲမှာ  မုန့်လုပ်ငန်းလေးတွေ ပါဝင်ကြပါတယ်။သူတို့တွေဟာ လဲကျတိုင်း ထူနိုင်လောက်တဲ့ ငွေကြေးအင်အားမရှိကြပါဘူး။
ခုလို တရုတ်ပြည်က မုန့်တွေက နယ်စပ်တွေကတဆင့် မြန်မာပြည်က ၀ါကျွတ်ချိန်အမီတင်သွင်းလိုက်တဲ့ မုန့်အများစုက ဈေးသက်သာတယ်၊ ပါကင်လှတယ်ဆိုတော့ ပြည်တွင်းက မုန့်တွေရဲ့ ဈေးကွက်ကို လုယူပြီးသားဖြစ်ကုန်တော့တာပါပဲ။ မုန့်လောကတင်မကပါဘူး။ တရုတ်ထုတ်ကုန်တွေနဲ့ မယှဉ်နိုင်တော့လို့ လုပ်ငန်းရက်သွားရတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေအများကြီး ရှိပါတယ်။စီးပွားရေးမှာ လုပ်ငန်းကြီးတွေကြောင့် လုပ်ငန်းငယ်လေးတွေ ပျောက်သွားတာကို ကျမကသာ မတရားဘူးလို့ ခံစားနေတာပါ။ဒါကို စီးပွားရေးပဲလို့ နားလည်ပြီး လုပ်ငန်းငယ်လေးတွေကို အပြုတ်တိုက်နေတဲ့သူတွေလည်း ရှိတာပါပဲ။
တရုတ်ပြည်အတွက် မြန်မာပြည်က ဘာလဲ။တရုတ်ပစ္စည်း အစုတ်ပလုတ်တွေကို ရောင်းချဖို့ ဈေးကွက်ကြီလားလို့လည်း ကျမ မကြာခဏတွေးမိပါတယ်။  တရုတ်ပြည်မကြီးမှာ မြန်မာပြည်ကိုတင်သွင်းဖို့ လုပ်တဲ့ ပစ္စည်းတွေက သီးသန့်ရှိတယ်။ ထိုင်းနိုင်ငံကို တင်သွင်းနေတဲ့ ပစ္စည်းနဲ့တောင် အရည်အသွေးမတူပါဘူး။ ဈေးပေါတဲ့ အရည်အသွေးညံ့တာတွေကိုပဲ တရုတ်ပြည်က မြန်မာပြည်ကို တင်သွင်းနေကြတာလို့လည်း ပြောဆိုသံတွေ ကြားခဲ့ရဖုးပါတယ်။
`ဗမာတွေက ဈေးပေါမှ ကိုက်တယ်၊ ဈေးပေါပေါနဲ့ ရောင်းလို့ရအောင် ထုတ်ထားတယ်၊ ဗမာပြည်အတွက် သေချာထုတ်ထားတာ`ဆိုတဲ့ တရုတ်ပြည်မကြီးက ကုန်သည်ကြီးတယောက်ရဲ့ စကားဟာ အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။
 အဲဒါကိုပဲ ကျမတို့တွေက ဈေးပေါလှချည်ရဲ့ ဆိုပြီး တရုတ်ပစ္စည်းတွေကို ၀ယ်သုံးလာကြတာ ဘယ်လောက်ကြာနေပြီလဲ။ ခုလည်း တရုတ်ပြည်က တရားမ၀င်ရော၊ တရားဝင်ပါ အစစ်ဆေးမရှိ တင်သွင်းလာတဲ့ စားသုံးသူအတွက် အန္တရာယ်မကင်းတဲ့ ဈေးပေါပေါမုန့်၊ အစားအသောက်တွေနဲ့ ဆေးဝါးတွေကြောင့် မြန်မာပြည်သူပြည်ပြည်သား ဘယ်နှစ်ဦးလောက် ကင်ဆာ ဖြစ်ခဲ့ရသလဲ၊ ဖြစ်နေကြပြီလဲ။
ပြီးတော့ ဈေးပေါတဲ့ပေါချောင်ကောင်းရောင်းပြီးတိုက်ခိုက်နေတဲ့အတွက် ပြည်တွင်းက လုပ်ငန်းရှင်ဘယ်လောက် ထိခိုက်ခဲ့ကြသလဲ။ ကျမ ရင်ထဲမှာ မေးခွန်းတွေချည်းပါပဲ။
တရုတ်ပြည်ဖြစ် ဈေးပေါပေါတွေဟာ မြန်မာပြည်အတွက် ဈေးကွက်ဖြစ်လာတာလည်း ကျမတို့ဆီက စီးပွားရေးလုပ်ငန်းရှင်တွေ ကိုယ်ခံအားမကောင်းတော့တာလည်း ပါပါတယ်၊အထူးသဖြင့် အစိုးရမှာတော့ပိုပြီး တာဝန်ရှိတယ်လို့လည်း မြင်မိပါတယ်။
ကိုယ့်ပြည်သူတွေ သုံးစွဲမဲ့ပစ္စည်းတွေ အစားအသောက်တွေကို သေချာစစ်ဆေးပြီး အရည်အသွေးစစ်ဆေးမှုတွေ လုပ်ပြီးမှ ပြည်တွင်းကို တင်သွင်းခွင့်ပြုခဲ့သင့်တယ် မဟုတ်လား။ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလည်း ရှိချင်ရှိခဲ့မှာပါ။ဈေးကွက်ထဲအထိ ရှောင်တခင် ၀င်ရောက် စစ်ဆေးတာမျိုးတွေ လုပ်သင့်တယ်လို့လည်း မြင်မိပါတယ်။
နောက်တခု ပြောချင်တာက တရုတ်ပြည်အတွက် တရုတ်အစိုးရအတွက် ကိုယ့်ပြည်ကိုယ်ရောင်းစားနေတဲ့သူတွေရှိနေတဲ့ကိစ္စပါ။ ကျမရဲ့ပါပါ(ဦးထွန်းထွန်းဟိန်)ဟာ ယခုရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ နေပြီး မေမေပင်စင်ယူရင်နေဖို့ အိမ်လေးတလုံးဆောက်နေပါတယ်။ မကြာသေးခင်ရက်မှာ ရန်ကုန်ကိုပြန်လာတော့ ပါပါက ပြောပါတယ်။
`တရုတ်ပြည်အတွက် ဓါတ်ငွေ့ပိုက်လိုင်းဖြတ်ဖို့ လုပ်နေတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲကနေ ဖြတ်ရမဲ့ မြေတွေရှိတယ်၊ အဲဒီမြေတွေအတွက် လျောကြေးဆိုပြီး လုပ်တဲ့နေရာမှာ တရုတ်ကလူတွေက ကျောက်မဲသားနယ်သားတွေကိုပဲ ပိုက်ဆံပေးပြီးစာရင်းကောက်ခိုင်းတယ်၊ ပိုက်ဆံပေးဖို့ တွက်ခိုင်းတယ်၊ အဲဒီမှာ တရုတ်တွေအားရအောင် တရုတ်တွေဆီကနေ မျက်နှာရအောင်ဆိုပြီးတော့ လုပ်နေကြတဲ့ တရုပ်လက်ပါးစေတွေရဲ့လုပ်ရပ်များ သိပ်ရင်နာဖို့ ကောင်းတယ်၊တရုတ်ပိုက်ဆံယူထားတဲ့ လူတွေက ကိုယ့်ဒေသခံတွေကို ပြောတယ်။` မြေအောက်ကနေ ဖြတ်မဲ့ ပိုက်လိုင်းအတွက် ခင်ဗျားတို့ကို ပိုက်ဆံပေးတာပဲ ကျေနပ်လိုက်ကြ၊ ဘယ်အစိုးရကမှ ပေးခဲ့တာ မဟုတ်ဘူး၊ ခုမှ ပေးတာ မပေးလဲ ဘာမှ မဖြစ်ဘူးလို့ ပြောဆိုပြီး မြေတွေကို စာရင်းကောက်နေကြတယ်၊ တရုတ်တွေ သက်သာအောင်ငွေတွေကို လျော့တွက်ပေးကြတယ် ``တဲ့။
 တရုတ်ပြည်အတွက် ဓါတ်ငွေ့ပိုက်လိုင်း ကိစ္စကိုလည်း စဉ်စားရေးသားကြရတော့မယ်လို့လည်းမြင်လာမိတယ်။လောလောဆယ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြေအောက်ကနေ ဖြတ်သွားဖို့အတွက် ပိုက်လိုင်းတွေတောင် ချထားပြီး မြေတွေတောင် တွက်ထားပြီးပါပြီတဲ့။ ဒေသခံအချို့ကလည်း မအူမလည်နဲ့ အသုံးချခံတွေ ဖြစ်သွားကြပြီးပုံရပါတယ်။
ဧရာဝတီမြစ်ဆုံကိစ္စလိုပဲ ရခိုင်ပြည်ကနေ တရုတ်ပြည်ကို သွယ်တန်းတဲ့ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စဟာလည်း အရေးကြီးလှတယ်ဆိုတာကို အသိဝင်လာစေပါတယ်။
 တရုတ်ပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေရဲ့ လွှမ်းမိုးမှုအောက်ကနေ အလွတ်ရုန်းနိုင်ဖို့အတွက် ကျမအနေနဲ့ကတော့ တရုတ်ပြည်ထုတ် ပစ္စည်းတွေကို မ၀ယ်ဘူး၊ မသုံးဘူး၊ ကြော်ငြာမပေးဘူး ဆိုတဲ့နေရာကနေ စကြည့်လိုက်ပါတော့မယ်။
  ကျမအနေနဲ့  ပြည်တွင်းဖြစ်တွေကိုပဲ အားထားပြီး သုံးကြည့်ပါမယ်။  နိုင်ငံခြားဖြစ်ကို မသုံးလို့ မဖြစ်တဲ့အခါမှပဲ သုံးပါမယ်။ ပြည်တွင်းမှာ တနိုင်တပိုင်ရပ်တည်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်လေးတွေ ရှိပါတယ်။ ပြည်တွင်းက စီးပွားရေလုပ်ငန်းရှင်ကြီးတွေနဲ့ မတူတဲ့ လုပ်ငန်းရှင်တွေပါ။
 သူတို့တွေထုတ်လုပ်နေတဲ့ ပစ္စည်းတွေနဲ့ တရုတ်ပြည်က ပစ္စည်းတွေ ယှဉ်ပြီး ရောင်းနေတာတွေ့ရလို့ ၀ယ်မယ်ဆိုရင် ကျမကတော့ ပြည်တွင်းဖြစ်ကိုပဲ ၀ယ်ပါမယ်။ တရုတ်ပြည်က တင်သွင်းလိုက်တဲ့ တရုတ်ပိတ်စတွေနဲ့ မြန်မာပြည်ကနေ ထုတ်နေတဲ့ ပိတ်စယှဉ်ပြီး ၀ယ်ရမယ်ဆိုရင် ပြည်တွင်းဖြစ်အမှတ်တံဆိပ်တွေ ကိုပဲ အားပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မိတ်ဆွေများအားလုံးကို ခင်မင်လေးစားတဲ့
မိတ်ဆွေများရဲ့
 မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment

wwwwnyinyi@gmail.com