Wednesday, November 23, 2011

ကျနော် ဆည်းပူးခဲ့ရသော ပညာရေးနှင့် စံလွဲနေသော လူ့အဖွဲ့အစည်း



ထိုင်းနိုင်ငံက The Nation သတင်းစာကြီးထဲမှာ ပညာရေးနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပညာရှင်တွေ ဝေဖန် တင်ပြနိုင်အောင် Chalk Talk ဆိုတဲ့ ကဏ္ဍ လေးထည့်ပေး ထားတယ်။

သူ့တို့ နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ဆက်စပ်ပြီး ပညာရှင်တွေက ဝေဖန်တင်ပြမှုနှင့် အကြံပြုတာတွေကို ရေးသားကြတာ တွေ့ရတယ်။ ဘန်ကောက် နေပြည်တော် ရေးဘေးဆိုက်တော့ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာကြမယ့် လူငယ်လေးတွေကို သဘာဝဘေးအန္တရာယ်အကြောင်း ဘယ်လိုပညာပေးရမယ်ဆိုတာ ပညာရှင်တွေ ဝေေ၀ဆာဆာ တင်ပြတာ တွေ့ရတော့ သူတို့နိုင်ငံက ပညာရှင်တွေနှင့် သတင်းလောကသားတွေကို တော်တော်လေးစားမိတယ်။ ပညာရှင်ဆိုတာ မှားတာကို မြင်ရင် မိမိအသက်ကို ပဓန မထားဘဲ ပြောရဲတာ ပညာရှင် ဖြစ်ပါတယ်။

နိုင်ဝင်္ဘာလ ၁၆ ရက်နေ့က မြ၀တီရုပ်သံလှိုင်းက ပညာရေးဝန်ကြီး ဒေါက်တာမြအေး မန္တလေး တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေနဲ့တွေ့ဆုံပွဲ လုပ်တော့ ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ် ကိုပြောင်းလဲ သင်ကြားဖို့ မိန့်မှာတာတွေ့ရတော့ တော်တော်လေး ၀မ်းပန်းတသာ ဖြစ်မိတယ်။

ဝမ်းသာလို့မဆုံးမှီမှာ ပြောသွားတဲ့စကားက ၂၁ ရာစုမှာ နိုင်ငံခြားတိုင်းပြည်တွေနှင့် ရင်ဘောင်တန်းနိုင်အောင် ကျောင်းသားတွေကို သင်္ချာနှင့် အင်္ဂလိပ်စာမှာထူးချွန်ထက်မြက်အောင် သင်ကြးဖို့ မိန့်မှာတာကို တွေ့ရတော့ ရင်ထဲမှာ တမျိုးခံစားမိပါတယ်။ တပြိုင်နက်ထဲမှာဘဲ တက္ကသိုလ် ကျောင်းသားဘ၀ကိုပြန်လည် သတိရမိတယ်။



ကျနော်ဟာ ၁၉၉၀ ခုနှစ်မှာ ဆယ်တန်းအောင်တော့ ၁၉၉၂ မှာ သမိုင်းအဓိကနှင့် စစ်တွေဒီဂရီ ကော လိပ်ကို တက်ရောက်ခွင့် ရခဲ့တယ်။ ဆယ်တန်းအောင်ရင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို "မေဂျာ" အနေနဲ့ သင်ကြားလိုပေမဲ့ မြန်မာ့ပညာရေးစနစ်ထဲမှာ ဒီဘာသာရပ်မရှိတော့ အနီးစပ်ဆုံး သမိုင်းဘာသာကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။

ကောလိပ်ကျောင်းကိုရောက်တော့ တခြားမြို့နယ်တွေကလာတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ စကားစမြည်ပြောဖြစ်ကြတယ်။ ကျနော်ယူတဲ့ဘာသာရပ်ကို သိတော့ မိတ်ဆွေကျောင်းသား အချို့က တအံ့တသြပြောတယ်။ သမိုင်းဆိုတာ အဝေးသင်ယူရင် ရတာပဲ၊ ငွေကုန်ခံပြီး ဘာလို့ "ဒေး" တက်မှာလဲတဲ့။

ကျောင်းသားအများစုက ဒီလိုအတွေးအခေါ် လွမ်းမိုးနေတာကို တွေ့ခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအောက်က ကြီးပြင်းခဲ့ရတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေလို့ ပြောလို့ရမယ် ထင်တယ်။ လူငယ်တွေရဲ့ အန္တိမရည်မှန်းချက်က ဘွဲ့ရပြီးရင် စာရေးစာချီ လုပ်မယ်၊ ဌာန တစ်ခုခုမှာ ၀န်ထမ်းနေရာလေး တစ်ခုရဖို့က တက္ကသိုလ်ကျောင်းတော်သားအများစုရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ။ အဲဒီလိုကြီးမားတဲ့ ရည်မှန်းချက်မှာ သမိုင်းဘာသာ ရပ်ကိုယူတဲ့ ကျောင်းသားကို အထင်သေးလိုက်သေးတယ်။



နိုဝင်္ဘာ ၁၆ ရက်နေ့က ပညာရေးဝန်ကြီး ပြောသွားတဲ့ စကားကလည်း ကျနော် ကောလိပ်ကျောင်းသား ဘ၀တုန်းက သိပ္ပံဘာသာရပ်ကို ယူတဲ့ကျောင်းသားက သမိုင်းလို ၀ိဇ္ဖာဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသားကို အထင်သေးသလိုမျိုး ဖြစ်နေ ပြန်တယ်။ သင်္ချာနှင့် အင်္ဂလိပ်ဘာသာမှာ ထူးချွန်တဲ့ ကျောင်းသားပဲ လိုချင်တဲ့ မြန်မာ့ပညာရေး ၀န်ကြီး။ တချိန်က ၀န်ကြီးသည်လည်း ပါမောက္ခတစ်ဦး မဟုတ်ပါလော။ နောင်တချိန် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမယ့် လူငယ်တွေ သင်္ချာနှင့် အင်္ဂလိပ် ဘာသာ တတ်ရင်ပြီးရော့လား။

ကျနော့်ခေတ်တုန်းက ရခိုင်သီချင်းတစ်ပုဒ် ရှိခဲ့တယ်။ " ဆေးကျောင်းသားဆို ယူလိုက်၊ စက်မှုကဆိုယူ လိုက်" တဲ့။ စံလွဲနေတဲ့ လူ့အဖွဲ့အစည်းကို စပ်ဆိုထားတာ ဖြစ်တယ်။


ဆေးကျောင်းသား၊ စက်မှု ကျောင်းသားကိုပဲ အလေးထားတဲ့ လူ့အဖွဲ့အစည်း။
ဟုတ်လည်း ဟုတ်ပါလေစ။ ဆယ်တန်းအောင်လို့ အမှတ်ကောင်းရင် ဆေးကျောင်း၊ စက်မှုကျောင်း တက်မယ်။ ၀ါသနာပါတာ မပါတာ အပထား။ လူ့အဖွဲ့အစည်းက လက်ခံတဲ့ သဘောကျတဲ့ ဘာသာရပ်သာ လူငယ်တွေရဲ့ အကြိုက်ဖြစ်ခဲ့တယ်။



ကျနော်ငယ်ငယ်က အကြိုက်ဖြစ်ခဲ့တဲ့ စာအုပ်တအုပ်ရှိတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ "ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်" ဆိုတဲ့စာအုပ်ကို ရှာဖွေဖတ်ရှုစေချင်တယ်။ ပညာသင်ကြားခြင်းရဲ့ အခြေခံသဘောတရားက ဧကရာဇ် ဖြစ်ဖို့မဟုတ်ဘူး၊ သံပန်းတံခါး၊ ကျွန်းတံခါး တပ်ထားတဲ့ အိမ်မှာ နေဖို့မဟုတ်ဘူး။ တိုရှင်းလိုရင်း ပြောရရင် တာန်ဝန်သိတတ်တဲ့ နိုင်ငံသားကေင်း ဖြစ်ရေး ဖြစ်ပါတယ်။

ဆယ်တန်းအောင်တဲ့အခါ အမှတ်ကောင်းရင် ဆေးကျောင်းတက်မယ်။ ဆရာဝန် လုပ်တာမလုပ်တာ အပထား ဂုဏ်ရှိဖို့လိုတယ်။ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ဒါရိုက်တာ၊ ဆရာဝန် ရုပ်ရှင်မင်းသား ဆိုတဲ့ မဖြစ်စလောက် ဂုဏ်အတွက် လူငယ်တွေဟာ တာဝန်သိစိတ် ကင်းမဲ့သွားကြတယ်။ မြန်မာနိုင်ငံ အနေထားနှင့်ပြောရင် ဆေးကျောင်းဆိုတာ ကန့်သတ်ချက်နဲ့ တက်ရတဲ့ ကျောင်းတွေ။ တကယ် ဆရာဝန် လုပ်ချင်တဲ့သူတွေ အခွင့်အရေး ဆုံးရှုံးသွားရတာ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ဘယ်လောက်ထိ ဆုံးရှုံးနိုင်တယ်ဆိုတာ ကျောင်းသားတွေ မစဉ်းစားတတ်တော့ဘူး။

ဒီလိုမျိုးစဉ်းစား နိုင်အောင် ကျနော်တို့ပညာရေးက ပြင်ဆင်မပေးခဲ့ဘူး။ နိုင်ငံတစ်ခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေးအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ပညာရေး ညံ့ရင် တိုင်းပြည်ညံ့မယ်။ ဖျင်းရင် ပျက်မယ်။ စံလွဲရင် လူ့အဖွဲ့အစည်းရဲ့ "စံ" လွဲသွားနိုင်တယ်။

၁၉၈၈ နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံသားတွေရဲ့ ပညာရေးစံ လွဲမှားမှုကြောင့် လူ့အဖွဲ့အစည်းရဲ့ "စံ" အလွဲကြီး လွဲခဲ့ရပါတယ်။ သားသမီး ကျောင်းပြီးရင် အောက်ဆိုဒ် ကောင်းတဲ့ အလုပ်ကို သိန်းရာချီ လာဘ်ထိုးပြီးရအောင် ယူကြမယ်။ ခြစားတဲ့ မကောင်းတဲ့ အကျင့်စရိတ်ကို မိဘတွေကိုယ်တိုင်အားပေး အားမြောက် ပြုနေကြပါတယ်။ "လူမျိုးနဲ့ တိုင်းပြည်ကိုချစ်သော၊ ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့အကျင့် ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်"။

စံလွဲနေတာ လူငယ်တွေ၊ ဆရာ၊ မိဘတွေသာ မဟုတ်ပါဘူး။ ကျနော်တို့ဆရာ ပညာရှင်တွေ ကိုယ်တိုင် စံလွဲနေတာပါ။

ဥပမာ အနေနဲ့ တင်ပြရရင် ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာတင်အောင်အေး ဆိုရင် စစ်အုပ်ချုပ်ရေး လက်အောက်မှာ တရားရုံးချုပ် တရားသူကြီး ဖြစ်လာပြီး အပြစ်မရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနှင့် နိုင်ငံရေး ခေါင်းဆောင်တွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်တဲ့အခါ ပါဝင်ပတ်သတ်တာကို တွေ့ရတယ်။
၂၀၁၀၊ ဧပြီလ ၂ ရက်နေ့က အီးယူကနေ နာမည်ပျက်စာရင်း အသွင်းခံရတဲ့ ပညာရှင်ပါ။

ပညာရှင်တွေ ကိုယ်တိုင် စံလွဲနေတဲ့ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။




နိုင်ငံတခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရက် ၆၀ ၊ ၁၅၀ မှာ ပြုပြင်လို့ ရပေမယ့် အကျင့်စရိတ် ပျက်ပြီး စံလွဲနေတဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်တဲ့အခါ ဆယ်စုနှစ်ချီကြာ ညောင်းနိုင်တယ်။ မျိုးဆက် "နှစ်" ဆက် အနည်းဆုံး ပြုပြင်ကြရမှာပါ။ ဟိုစပ်စပ် ဒီစပ်စပ် ဆေးမြီးတိုနဲ့ ကုလို့ရနိုင်မှာမဟုတ်ဘူး။

စံလွဲနေတဲ့ နာတာရှည် ရောဂါကြီးကို ဘယ်လိုဆေးမျိုးနဲ့ ကုစားမှာလဲ။ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအ တွက် ခေါင်းဆောင်သစ်တွေ၊ ပညာရှင်လက်သစ်တွေ စဉ်းစားရမယ့် အထဲမှာ အရေးကြီးတဲ့ အချက်လို့ မြင်မိပါတယ်။
 လှရွှေ
Sunday, 20 November 2011 00:25

No comments:

Post a Comment

wwwwnyinyi@gmail.com