Wednesday, November 23, 2011

တရုတ်နယ်ခြားစောင့်တပ်နှင့်ရဲများက၀င်ထွက်ခွင့်များတားမြစ်

တရုတ်နယ်ခြားစောင့်တပ်နှင့်ရဲများက၀င်ထွက်ခွင့်များတားမြစ်(ကချင်နေ့စဉ်သတင်းမှ)

တရုတ်နိုင်ငံနောင်တောင်းမှာရှိတဲ့ တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်မှ စစ်ဆေးရေး အရာရှိများဟာ တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဆေးရေးဂိတ်များ၊ စက်လှေဆိပ်များမှာ လူဝင်ထွက်မှုများအား စစ်ဆေးနေကြောင်း သိရပါတယ်။ စစ်ဆေးရာမှာ ၀င်ထွက်ခွင့်စာ အုပ် မရှိသူများအား တရုတ်နိုင်ငံအတွင်းသို့ ၀င်ထွက်ခွင့်မပြုဘဲ ပြန်လည်စေလွှတ်နေကြောင်းလည်း သိရပါတယ်။
နောင်တောင်းက တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့များဟာ နောင်တောင်းစစ်ဆေးရေးဂိတ် ၊ရှောက်ပန်ယန် စက်လှေဆိပ် ၊မန်စွမ်းရွာတို့မှ တရုတ်နိုင်ငံအတွင်း ၀င်ထွက်သွားလာသူများကို ၀င်၊ထွက် ခွင့် (BP) စာအုပ်များ စောင့်ဆိုင်း စစ်ဆေးနေတယ်လို့သိရပါတယ်။ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ကတော့ တရုတ်နိုင်ငံ ကောင်ခမ်းရွာ၊  မန်စီမြို့နယ်က ပန်ခမ်းရွာ၊ကွတ်လုံရွာနှင့် နမ့်ဝမ်ချောင်း စက်လှေဆိပ်များမှ ၀င်ထွက်မှုကို စစ်ဆေးနေကြောင်း သိရပါတယ်။
“အရင်တုန်းက တရုတ်ဖက်ကိုသွားတာ (BP)စာအုပ်မပြလည်းရတယ် အခုဒီမှာနေရတာအဆင်မပြေလို့ တရုတ်ကိုသွားတာ ၀င်၊ထွက်ခွင့်မရှိလို့ ပြန်လာခဲ့ရတယ်” ဟု လိုင်ဇာဒုက္ခသည်စခန်းမှ ဒေါ်အယ်လီက ပြောပြပါတယ်။
KIA ကချင်အဖွဲ့မှ အစားအသောက်များအား ရှေ့တန်းတပ်များကို ပေးပို့နေရလို့ ဒုက္ခသည်များအတွက် လှူဒါန်းသော ဆေးဝါးနှင့် အစားအသောက်များမှာ လုံလုံလောက်လောက် မရရှိတာကြောင့် ဒုက္ခသည်များဟာ တဖက်တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းနိုင်ဖို့ ကြိုးပမ်းနေကြကြောင်း သိရပါတယ်။
“အဓိကကတော့ အခုလိုမျိုးစစ်ဆေးနေတာတွေဟာ KIA နှင့် အစိုးရစစ်တပ်တိုက်ပွဲများမှ တရုတ်နိုင်ငံဖက်ကို ထွက်ပြေးရောက်ရှိလာမယ့် KIA  စစ်သားများကို ပိတ်ဆို့ဖမ်းဆီးဖို့ တရုတ်အစိုးရနဲ့မြန်မာအစိုးရပေါင်းပြီး လုပ်တာဖြစ်နိုင်တယ်”လို့ တရုတ်မြန်မာနယ်စပ်မှ စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးမှလည်း ပြောပြပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com