Saturday, December 17, 2011

'အင်းသီး'မှတ်တမ်းရုပ်ရှင် တစ်နိုင်ငံလုံးဖြန့်ချိရန် ဆင်ဆာခွင့်ပြုချက်ရရှိ



ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးထားတဲ့ 'အင်းသီး'မှတ်တမ်းရုပ်ရှင်ကို ဆင်ဆာခွင့်ပြုချက်ရရှိပြီဖြစ်တဲ့အတွက် လာမယ့် ဇန်န၀ါရီလမှာ တစ်နိုင်ငံလုံး ကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
အင်းလေးဒေသက ခရမ်းချဉ်သီး ရေခြံလုပ်ငန်းတွေမှာ ခရမ်းချဉ်သီးစိုက်တဲ့အခါ သုံးကြတဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ တွေကြောင့် ရေထဲမှာ ဓာတုညစ်ညမ်းမှု ပါဝင်တဲ့အနေအထား၊ ရေထုညစ်ညမ်းစေတဲ့ အနေအထား တွေက လူတွေအတွက် ဘယ်လိုဆိုးကျိုး တွေဖြစ်နိုင်တယ်ဆိုတာကို 'အင်းသီး' မှတ်တမ်းရုပ်ရှင်မှာ တင်ပြထားတာပါ။
၂၀၀၉ ခုနှစ်၊ မတ်လက စတင် ပြင်ဆင်ရိုက်ကူးခဲ့တဲ့ ဒီ'အင်းသီး' မှတ်တမ်းရုပ်ရှင်က နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေမှာ အကြိမ်ကြိမ် ပြသခွင့် ရရှိခဲ့ပေမယ့် ပြည်တွင်းမှာတော့ ပြသခွင့်ကို ခုမှ ရရှိတာဖြစ်ပါတယ်။
"လွန်ခဲ့တဲ့ တစ်ပတ်က ပြသခွင့်ဆင်ဆာကျပါတယ်။ အရမ်းထူးဆန်းတယ်။ တင်ထားတာကို ဘာတစ်ခုမှမဖြတ်ခိုင်းဘူး။ အဖြတ် အတောက် မပါဘူး။ ဒါကို ပြသဖြန့်ချိဖို့ စမိတ်ဆက်တဲ့ ၂၀၁၀ ပြည့် နှစ်၊ ဇွန်လကတည်းက စောင့်ခဲ့ရတာ။ ခုမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ခွင့်ပြုတယ် ဆိုတော့ ဆင်ဆာနဲ့ပတ်သက်ရင် မူဝါဒ အပြောင်းအလဲတွေ့ရတာပေါ့"လို့ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဆိုပါတယ်။
ဒီ'အင်းသီး' မှတ်တမ်းရုပ်ရှင်ကို The Art of Freedom ရုပ်ရှင်ပွဲတော် စတင်ဖွင့်လှစ်တဲ့ ဇန်န၀ါရီလ ၄ ရက် နေ့မှာ ရောင်းချမှာဖြစ်ပြီး ပွဲတော်ကာလ လေးရက်စလုံးမှာလည်း တစ်ခွေကို ကျပ် ၂,၀၀၀ ၀န်းကျင်နဲ့ ရောင်းချသွား မယ်လို့ သိရပါတယ်။
'အင်းသီး'က ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလက ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ Festival of Photos, Reportage Film and Docu-
mentary Film on the Countries and People in ASEAN
မှာ Best Documentary 2010 အမျိုးအစားအတွက် ဒုတိယဆုရခဲ့ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ပါဝင်ပြသ ခဲ့ဖူးပါတယ်။
ပြည်တွင်းကရုပ်သံလိုင်းတွေမှာ ပြသဖို့ ကမ်းလှမ်းခံရဖူးပေမယ့် ဆင်ဆာမရတာကြောင့် ပြသခွင့် မသာခဲ့ပါဘူး။ အခု ပြသခွင့် ရရှိပြီဖြစ်တဲ့အတွက် 'အင်းသီး'ကို ပြည်တွင်းမှာ ပြသဖို့ ရုပ်သံလိုင်းတွေနဲ့ ထပ်မံဆွေးနွေးဖို့ရှိတယ်လို့လည်း ဒါရိုက်တာ မင်းထင် ကိုကိုကြီး က ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီလထဲမှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ၀သန်ရုပ်ရှင်ပွဲတော်မှာ New Vision ဆုရရှိခဲ့တဲ့ 'အလျင်'ဇာတ်ကားတိုကို ပြသဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

 ရတနာထွန်း
မြန်မာ့တိုင်းမ်

'အင်းသီး'မှတ်တမ်းရုပ်ရှင် By: သစ်ထူးလွင်

No comments:

Post a Comment

wwwwnyinyi@gmail.com