Friday, April 20, 2012

ဂျပန် ကြွေးမြီ လျှော်ပစ်နိုင်ဖွယ်ရှိ


AFP
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA

2012-04-19
မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်း သုံးထောင့် ခုနှစ်ရာကို ဂျပန်အစိုးရက လျှော်ပစ်လိုက်မယ်လို့ သိရပါတယ်။

လာမယ့် ဧပြီလ ၂၀ ကနေ ၂၄ ရက်နေ့ အတွင်း ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိတဲ့အခါ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) က ကြွေးမြီ လျှော်မယ့်ကိစ္စ တရားဝင် ကြေညာမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာက ရေးသားပါတယ်။
ဂျပန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက် မပေးပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မြန်မာ့ကြွေးမြီကိစ္စ ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆွေးနွေးနေဆဲ ဖြစ်သလို ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေ ပြန်ပေးနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ ပြောပါတယ်။
တကယ်လို့ အဲဒီလို သတင်းထွက်နေတဲ့အတိုင်း ကြွေးမြီလျှော်လိုက်ပြီဆိုရင် မြန်မာအစိုးရ အနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း ၂၅ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ထပ်မံချေးယူနိုင်တော့မှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရ ၀န်ကြီးအဖွဲ့ဝင်တချို့ဟာ ဧပြီလ ၂၀ ရက်နေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com