Tuesday, October 18, 2011

ပြည်သူ့လွှတ်တော်တွင်ယုံကြည်ချက်ကြောင့်ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသားများထပ်မံလွှတ်ပေးရန်အဆိုတင်သွင်း

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း
Tuesday, 18 October 2011 05:10

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း၊ ကျန်ရှိနေသေးသည့် အကျဉ်းကျခံသူများအား အချိန်ကာလနှင့် အခြေအနေပေါ် မူတည်ကာ ဖြစ်နိုင်သမျှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးသွားရန် အစီအစဉ်ရှိကြောင်း သူရဦးရွှေမန်း ပြန်လည်ဖြေကြား
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ဥက္ကဋ္ဌထံ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ကြားဖြတ်အဆိုကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဆိုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ "အာက်တိုဘာလ ၁၁ ရက်နေ့မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ အမိန့်ချမှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးအပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ ထောက်ခံချက်ကိုပါ ပြည်သူ့လွှတ်တော်အနေနဲ့ မှတ်တမ်းတင်ပေးဖို့ အဆိုတင်သွင်းလိုပါတယ်။ နောက်အဆိုတစ်ခုက အမျိုးသားအင်အားစုများ တည်ဆောက်နေချိန်မှာ အကျဉ်းထောင်အတွင်းကျန်ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေနဲ့ ကျန်အကျဉ်းသားတွေ လွှတ်ပေးရေးကို အလေးထား စဉ်းစားပေးပါရန် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော် မှတဆင့် မေတ္တာရပ်ခံပါတယ်။ ဒီအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး အနေနဲ့လည်း ခံစားမှုများဖြင့် လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်" ဟု ပြောကြားခဲ့သည်။

အဆိုပါ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက "အခု နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့နေရာမှာ ဦးသိန်းညွန့်တင်ပြသလိုပဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို အဲဒီနေ့က ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ အဆိုပြုချက်အပေါ် မူတည်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်သိရသလောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီမှာရော၊ နိုင်ငံတော်သမ္မတကြီးမှာရော ဦးသိန်းညွန့် ပထမတင်ပြထားတဲ့ အဆိုအတိုင်း အကျဉ်းကျခံနေရတဲ့ အကျဉ်းကျခံသူများအား အချိန်ကာလနှင့် အခြေအနေပေါ်မူတည်ပြီး ဖြစ်နိုင်သမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုကို သီးခြားဖော်ပြဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာ၊ အစိုးရစေတနာ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီရဲ့ စေတနာတွေကို ကျော်လွန်ဆောင်ရွက်တဲ့ သဘောမျိုးဖြစ်မှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဒီအစီအစဉ်ရှိနေတယ်ဆိုတာ သိခြင်းအားဖြင့် ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့ ပထမအဆိုကို မှတ်တမ်းတင်သွားဖို့ရှိပြီး ကျန်အဆိုဖြစ်တဲ့ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးတဲ့ အကျဉ်းသားများအား အကျဉ်းထောင်မှ လွှတ်ပေးရေး သမ္မတကြီးထံ ပြည်သူ့လွှတ်တော်မှတဆင့် မေတ္တာရပ်ခံပါသည် ဟူသည့် အဆိုကို တင်သွင်းရန်မသင့်သေးကြောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အောက်တိုဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၄၉/၂၀၁၁ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ၏ ဆောင်ရွက်မှုအား ပြည်သူ့လွှတ်တော်မှ လှိုက်လှဲဝမ်းမြောက် ကြိုဆိုပါကြောင်း အဆိုအား ပြည်သူ့လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ခု ရှိ အကျဉ်းသားများအနက်မှ နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ စုစုပေါင်းအကျဉ်းသား ၆၃၅၉ ဦးကို စိစစ်ကာ အောက်တိုဘာလ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်များကို ခြောက်လအတွင်း နှစ်ကြိမ် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com