Tuesday, October 18, 2011

ဂျပန်လာရင် ဝန်ကြီး ကို ဆန္ဒပြမယ်

2011-10-14
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ရှေ့တစ်ပတ် အောက်တိုဘာ (၂၀)ကနေ (၂၂)နေ့ထိ (၃) ရက်ကြာ ဂျပန်နိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ ဂျပန်နိုင်ငံက လာတဲ့ သတင်းတွေအရ သိရပါတယ်။
သမ္မတ ဦသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား(၂၀၀)ကျော် ပြန်လည် လွတ်မြောက်လာအပြီးမှာ ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်ခရီးစဉ် ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အနေနဲ့ ဂျပန်နိုင်ငံကို ရောက်ရင် ဂျပန်အစိုးရရဲ့ ဘယ်လို အဆင့်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကတော့ ဦးဝဏ္ဏမောင်လွင်ကို ဆန္ဒပြကြမယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ တိုကျိုမြို့က ဦးသန်းဆွေက RFAကို ပြော ပါတယ်။ “ကျနော်တို့တွေကတော့ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ကိစ္စ၊ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ ကိစ္စတွေဟာ ကျေနပ် လက်ခံဖွယ်ရာ မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုကန့်ကွက် ဆန္ဒပြဖို့တော့ ရှိနေပါတယ်။
တဘက်ကလည်း ဦးသိန်းစိန်အစိုးရ ကမ္ဘာကို လိမ်ညာပြီးတော့ သွားနေတယ်ဆိုတာကို သိဖို့နဲ့ တစ်ဘက်ကလည်း ဂျပန်အစိုးရကို အသိပေးဖို့ ဖြစ်ပါတယ်” မြန်မာနိုင်ငံကိုပေးတဲ့ ODA လို့ခေါ်တဲ့ ဂျပန်ရဲ့ နိုင်ငံရပ်ခြား အကူအညီတွေကို ၂၀၀၃ ဒီပဲရင်း တိုက်ခိုက်မှု နောက်ပိုင်း ရပ်ဆိုင်း ထားခဲ့ပေမယ့် အခုတော့ ပြန်ပေးဖို့ ဂျပန်အစိုးရဘက်က စိတ်အား ထက်သန်နေကြောင်း လေ့လာသူတွေက ပြောဆိုကြပါတယ်။ လက်ကိုင်ဖုန်းအပါအဝင် အရေးကြီး လျှပ်စစ်ပစ္စည်းတွေမှာ သုံးတဲ့ ရှားပါးသတ္တု တစ်မျိုးကို မြန်မာနိုင်ငံက ထုတ်ယူနိုင်တဲ့ အခြေအနေ ရှိတာမို့ ဂျပန်စီးပွားရေး ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လုပ်ဖို့ စိတ်အား ထက်သန်နေကြောင်း အမည်မဖော်တဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကို ကိုးကားပြီး ကျိုးဒိုး သတင်းဌာနက ရေးသားပါတယ်။ ဂျပန် မြန်မာ ဆက်ဆံရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအရေး လေ့လာသူ ဂျပန်နိုင်ငံက ဦးတင်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com