Thursday, October 6, 2011


မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေပိုင်နက်နယ်နိမိတ် သတ်မှတ်ရေး အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ နိုင်ငံတကာမှ ဥပဒေပညာရှင်များ ကျွမ်းကျင်သူများကို ငှားရမ်းဆောင်ရွက်ခဲ့
Wednesday, 05 October 2011 14:32
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်  နိုင်ငံတို့အကြား ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေပါရဂူများ၊ ဥပဒေပညာရှင် များအဖွဲ့နှင့် ပင်လယ်ပြင် တိုင်းတာရေး ကျွမ်းကျင်သူများ၊ ရှေ့နေများကို  ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြည်သူ့လွှတ်တော်သို့ ရှင်းလင်းဖြေကြားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ မေးမြန်းချက် ကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“....၂၀၀၉ ခုနှစ် အောက်တိုဘာလမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှစတင်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းလိုတယ်လို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘက်မှလည်း ပြန်လည်ဖြေရှင်း ဆောင်ရွက်နိုင်ဖို့အတွက် ၀န်ကြီးနှစ်ဦး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၇  ဦးပါတဲ့ အထူးလုပ်ငန်း ဦးစီးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဥပဒေကြောင်း အရဖြေရှင်းနိုင်ဖို့ ပင်လယ်ပြင် ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံး ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ လျှောက်ထားခဲ့ရာ မြန်မာနိုင်ငံကို အဲဒီတရားရုံးကလည်း ရင်ဆိုင်ဖြေရှင်းဖို့ အဲဒီ ဒီဇင်ဘာလမှာပဲ စာဖြင့် အကြောင်းကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကို လက်ခံခဲ့ပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ဥပဒေပိုင်းမှာရော ရေပိုင်နက် တိုင်းတာရေး အပိုင်းမှာပါ ကျွမ်းကျင်သူများ၊ ရှေ့နေများ၊ ဥပဒေပါရဂူများကို နိုင်ငံတကာမှ ငှားရမ်းပြီး ဆောင်ရွက်စေခဲ့ပါတယ်။ အဲဒီလိုငှားရမ်းရာမှာလည်း ကမ္ဘာ ပေါ်ရှိ ဥပဒေစနစ်ကြီး သုံးရပ်ကို ကျွမ်းကျင်ပြီး ပင်လယ်ရေပြင် နယ်နိမိတ် သတ်မှတ်ရေး ကိစ္စများမှာ အတွေ့အကြုံများစွာရှိတဲ့ ပြင်သစ်နိုင်ငံမှ သုံးဦး၊ အင်္ဂလန်နိုင်ငံမှတစ်ဦး၊ အမေရိကန် ပြည်ထောင်စုမှ တစ်ဦး၊ ဂျာမနီနိုင်ငံမှတစ်ဦး၊ အစ္စရေးနိုင်ငံမှ တစ်ဦးပါဝင်သည့် နိုင်ငံတကာမှ ဥပဒေပညာရှင်များအဖွဲ့နှင့် ပင်လယ်ပြင် တိုင်းတာရေး ကျွမ်းကျင်သူများဖြစ်သည့် ရိုးမေးနီးယားနိုင်ငံမှ တစ်ဦး၊ အမေရိကန် ပြည်ထောင်စုမှ နှစ်ဦးနှင့် အကြံပေးပုဂ္ဂိုလ်အဖြစ် အတ္တလန္တိတ်သမုဒ္ဒရာ ကျွန်းမှာရှိတဲ့ ဟဲရော့ကျွန်းမှ ဥပဒေပညာရှင် တစ်ဦး၊ အထောက်အကူပြု အဖွဲ့ရဲ့ ရှေ့နေတစ်ဦးအဖြစ် ပြင်သစ်နိုင်ငံမှတစ်ဦး တို့ကို ငှားရမ်းဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်ထောင်စု ရှေ့နေချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် မတ်လ၌ စီရင်ချက်ချမှတ်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com