Tuesday, November 1, 2011

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ ဒုတိယအကြိမ် ဖိတ်ကြားခံရ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေပြည်တော် 
ရောက်ရှိစဉ်က နယ်စပ်ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး ၊ သမ္မတအကြံပေး ဦးမြင့် 

တို့နဲ့ အတူတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် ကျင်းပမည့် ဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။ ယခု သီတင်းပတ် အစောပိုင်းတွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ကျင်းပမည့် နိုင်ငံပေါင်း ရှစ်နိုင်ငံပါဝင်သော Myanmar First Forum on Green Economy and Green Growth အမည်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ပြည်သူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် Green Economy Green Growth အဖွဲ့က ကြီးမှူးသော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လည်း တက်ရောက်လိမ့်မည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များသာမက အခြား အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်မျာလည်း တက်ရောက်လိမ့်မည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အောက်တိုဘာလ ၂၇ ရက်တွင် နိုင်ငံတော်က ဥပဒေပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း ၄င်းတို့၏ ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေးကိစ္စကို ဆုံးဖြတ်မည်ဟု ၂၈.၁၀.၂၀၁၁ ရက်က ပြောကြားခဲ့သည်။ NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက NLD ပါတီ ပြန်လည်မှတ်ပုံတင်ဖြစ်ပါက ယခုနှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါလီမန်ကို ကိုယ်စားပြုကောင်း ပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။ သူက “သူလုပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အနေနဲ့ ပြောရရင် သူ့ကို အဲဒီလို လုပ်စေချင်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com