အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှာ နိုဝင်ဘာလ ၂ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ် ရောက်ရှိလာမည်ဟု သိရှိရပါသည်။
မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့ လာရောက်သည့် သတင်းကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ပြန်ကြားဌာနမှ အတည်ပြုပြောဆိုခဲ့ပါသည်။
မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့သည် နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ကာ ရန်ကုန်မြို့တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအရာရှိ နှစ်ဦးမှာ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တွေ့ဆုံမည့်နေ့ရက်ကို မသိရှိရသေးကြောင်း ဦးခွန်သာမြင့်က ပြောဆိုခဲ့ပါသည်။ ထို့အပြင် အရာရှိနှစ်ဦးသည် အမျိုးသားဒီမိုကရေစီအင်အားစု (NDFနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ထိုသို့ တွေ့ဆုံဖြစ်ပါက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးနှောင့်နှေးနေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက်နေ့တွင် နှစ်လအတွင်း ဒုတိယအ ကြိမ် လာရောက်ခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း တတိယအကြိမ် ထပ်မံလာရောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်လာရောက်စဉ်က အချိန်နှစ်ရက်ကြာမြင့်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခဲ့ကာ ခရီးစဉ်နှင့် ပတ်သက်သော အကြောင်းအရာများကို သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ပေ။
အမေရိကန် အရာရှိနှစ်ဦးသည် နိုဝင်ဘာလ ၄ရက်နေ့တွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။
အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အဖြစ် တတိယအကြိမ်လာရောက်ခဲ့ပြီး အဆိုပါနေ့မှာပင် နေပြည်တော်သို့ သွား ရောက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံ ခဲ့ပါသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေလေ့လာမှု ပြုလုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးကိစ္စရပ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉ရက် နေ့အထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖြေထွက်နိုင်ဖွယ် ရှိနေပါသည်။
သတင်း ---Eleven Media Group
No comments:
Post a Comment
wwwwnyinyi@gmail.com