ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်
အစည်းအဝေးများ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် ဆက်လက်ကျင်းပမည် ဖြစ်ကာ
မပြီးပြတ်သေးသည့် ဥပဒေကြမ်း ကိစ္စရပ်များ အဓိက ဆောင်ရွက်သွားမည် ဖြစ်သည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပထမအကြိမ်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို
အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများ ကျင်းပပြီးနောက်
ခေတ္တရပ်နားခဲ့ပြီး အစည်းအဝေးများ ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင်
ဆက်လက်ကျင်းပခြင်း ဖြစ်သည်။
စိစစ်ဆောင်ရွက်နေဆဲ ဥပဒေကြမ်းများ၏ အများပြည်သူအပေါ်
အကျိုးသက်ရောက်မှုရှိခြင်းနှင့် ပတ်သက်၍ ‘‘အလုပ်သမား အဖွဲ့အစည်း ဥပဒေဆိုရင်
ဒါအလုပ်သမား သမဂ္ဂပဲခေါ်ခေါ် labour union ပဲခေါ်ခေါ် ဒါတွေကို
ဖွဲ့စည်းခွင့်ပြုလိုက်တဲ့ ဥပဒေဖြစ်တယ်။ နောက်ပြီး အများ ပြည်သူ
စိတ်ဝင်စားနေတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမျိုး၊
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ
ဥပဒေတွေဟာ တော်တော်လေး အရေးပါ ပါတယ်။ အခု လက်ရှိအနေအထား မှာတော့
ကျွန်တော်တို့ အမျိုးသားလွှတ်တော်ကို တင်လာတဲ့ အမျိုးသားလွှတ်တော်က
စတင်ဆွေးနွေးတဲ့ ဥပဒေက ရှစ်ခု၊ ပြည်သူ့လွှတ်တော်က စတင်ဆွေးနွေးတဲ့ ဥပဒေက
ရှစ်ခု ရှိတယ်။ ဒီဥပဒေတွေမှာ ဆိုရင်လည်း အမျိုးစုံရှိ ပါတယ်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက တင်လာတဲ့ဥပဒေမကဘူး။ ဥပမာ အနေနဲ့
ပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ဟင်္သာတ မဲဆန္ဒနယ်က ဦးဌေးဦးတင်လာတဲ့
‘၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေကြမ်း’၊ နောက် အမျိုးသားလွှတ်တော် မှာဆိုရင်လည်း
ရန်ကုန်တိုင်းဒေသကြီး ကဦးတင်ယုတင်လာတဲ့ ‘လွှတ်တော်ရုံး ဥပဒေကြမ်း’
ဒါမျိုးတွေက private bill အနေနဲ့ဝင်တာပေါ့။ ပြည်ထောင်စု လွှတ်တော်အနေနဲ့ပဲ
သီးသန့်ဆွေးနွေး ဆုံးဖြတ်ရတဲ့ ဥပဒေတွေလည်း ရှိပါ တယ်။ အဲဒါကတော့ ငွေရေးကြေး
ရေးနဲ့ ဘဏ္ဍာငွေဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။ အမြတ်ခွန်ဥပဒေ အပါအ၀င် ဥပဒေ
ငါးခုကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်’’ဟု အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဒေါက်တာ မြတ်ဥာဏစိုးက ဆက်လက်ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် ဥပဒေကြမ်းမှာ ၁၃ ခု ဖြစ်ပြီး
ယင်းအနက်အချို့မှာ အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့
ပေးပို့လာသည့် ဥပဒေကြမ်း များဖြစ်သည်။ အမျိုးသားလွှတ်တော်တွင်
အတည်ပြုခဲ့သည့် ဥပဒေကြမ်းမှာ ကိုးခုဖြစ်ပြီး ယင်းအနက်အချို့ မှာ
ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာသည့်
ဥပဒေကြမ်းများ ဖြစ်သည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com