Sunday, October 16, 2011

မလေးရှား အလုပ်သမား ဗီဇာလျှောက်ထားသူများမှာ အလုပ်သမားဦးစီးဌာနမှ ထုတ်ပေးသော ပြည်ပအလုပ်သမား မှတ်ပုံကတ်ပါမှသာ ဗီဇာလျှောက်ထားခွင့် ရတော့မည်
Sunday, 16 October 2011 15:46
737 မလေးရှား အလုပ်သမားဗီဇာ လျှောက်ထားသူများမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာန၊ အလုပ် သမားဦးစီးဌာနမှ ထုတ်ပေးသည့် Overseas Worker Identification card ပါမှသာ ဗီဇာလျှောက်ထားခွင့် ပြုတော့မည်ဟု မြန်မာနိုင်ငံအခြေစိုက် မလေးရှားသံရုံးမှ အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မလေးရှားသံရုံးသို့ အလုပ်သမားဗီဇာ လျှောက်ထားသူများ အနေဖြင့် ယခုအစီအစဉ်အား အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်ကာ သက်ရောက်မှုရှိသွားမည် ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။

ယခုအခါ မလေးရှား အလုပ်သမား ဗီဇာလျှောက်ထားရန် သံရုံးတွင် အလုပ်သမား အေဂျင်စီများမှ မဲနှိုက်ခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်နေပြီး ယခုအောက်တိုဘာလ ၂၄ ရက်နေ့မှစတင်ကာ  အလုပ်ခေါ်စာ Calling နှင့်တက green card ပါ တစ်ပါတည်း ယူဆောင်လာရမည်ဟု သိရှိရပါသည်။
ဗီဇာလျှောက်ထားစဉ် လိုအပ်ချက်များ အနေဖြင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်အတည် ပြုထားသော တံဆိပ်တုံးနှင့် လက်မှတ်ပါရှိသည့် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန၏ အလုပ်ခေါ်စာ Calling မူရင်း၊ မလေးရှားပြည်ထဲရေး ၀န်ကြီးဌာန၏ ခွင့်ပြုထောက်ခံစာ မိတ္တူ၊ လေယာဉ်လက်မှတ် မူရင်းနှင့် အောက်တိုဘာလ ၂၄ ရက် နေ့တွင် စတင် အကျုံးဝင်မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမား ဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ်၊ ဗီဇာကြေးတို့ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဗီဇာ လျှောက်လွှာအား အေးဂျင့်တစ်ခုလျှင် ၂၅ စောင် တင်ခွင့်ပြုထားကြောင်းနှင့် သံရုံးမှတစ်နေ့လျှင် ဗီဇာ ၅၀၀ ထိ လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အလုပ်သမားဦးစီး ဌာနမှ ထုတ်ပေးမည့် အလုပ်သမား မှတ်ပုံတင်ကတ် တင်ပြရခြင်းနှင့် ပတ်သက်၍ မလေးရှားထွက်ခွာမည့် မြန်မာအမျိုးသမီး အလုပ်သမားများ၏ အခြေအနေမှာ မည်ကဲ့သို့ ရှိလာဦးမည်ကို ဗိုလ်တထောင်ရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ပြောပြခဲ့သည်။
“အခုလို လုပ်လိုက်ခြင်းဟာ တရားဝင်လိုင်စင်မရှိထားတဲ့ အေးဂျင့်တွေကို အရေးယူစေလိုတဲ့ အပြင် မလေးရှားကို ထွက်ခွာမယ့် အမျိုးသမီးတွေ အတွက် နောင်မှာ ထွက်ခွာဖို့အခက်အခဲ ရှိသွားနိုင်တယ်”ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြခဲ့သည်။
မလေးရှားနိုင်ငံသို့ အလုပ်သမား ဗီဇာရရန် လျှောက်ထားသော အေးဂျင့်များသည် မလေးရှားမှ ကုမ္ပဏီများကို လိမ်လည် ကိုယ်စားပြုသည်ကို တွေ့ရလျှင် လည်းကောင်း၊ အလုပ်ခေါ်စာ (calling) မရှိဘဲ အလုပ် သမားဗီဇာ လာရောက်လျှောက်ထားသည့် အေးဂျင့်များကိုလည်းကောင်း၊ အေးဂျင့်များက လာဘ်ပေးလာဘ်ယူမှုများကို မည်သည့်ပုံစံဖြင့်မဆို ပြုမူလုပ်ဆောင်နေသည်ကို တွေ့ရလျှင် လည်းကောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်သော မည်သည့်ပုံစံနှင့် မဆိုလုပ်ဆောင်မှု ရှိနေသည်ကို တွေ့ရလျှင် လည်းကောင်း အေးဂျင့်များကို အမည်ပျက်စာရင်း တင်သွင်းပြီးလျှင် ဥပဒေကြောင်းအရ အရေးယူမှုများပါ ပြုလုပ်သွားမည်ဟု သိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com