Thursday, October 13, 2011
ဦးဂမ္ဘီရ ထောင်ထဲမှာပင် ရှိနေသေးဟု မိခင်ဖြစ်သူပြော
ရွှေဝါရောင် တော်လှန် ရေးကို ဦးဆောင်သော သံဃာတော် တပါး ဖြစ်သူ ဦးဂမ္ဘီရ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဗုဒ္ဓဟူးနေ့ နံနက်တွင် ကလေး အကျဉ်းထောင် အရာ ရှိကို ဆက်သွယ် မေးမြန်း ချက်အရ အရှင် ဂမ္ဘီရမှာ အကျဉ်း ထောင်ထဲ မှာပင် ရှိနေ သေးသည်ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်က မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ စတင်လွှတ်ပေးသူများအနက် အသက် ၃၂ နှစ်အရွယ် ဦးဂမ္ဘီရလည်း ပါဝင်သည်ဟုဆို၍ မဇ္ဈိမက ဒေါ်ရေးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စစ်ကိုင်းတိုင်း ကလေးထောင်မှ ဦးဂမ္ဘီရလည်း လွတ်မြောက်နိုင်သည် ဆိုသော ကောလလများကြောင့် မန္တလေးတိုင်း မိထ္တီလာမြို့နေ မိခင်ဖြစ်သူက လမ်းစားရိတ် ငွေကျပ်ငါးသောင်းကို ထောင်အာဏာပိုင်များထံ တနင်္လာနေ့ ကပင် ငွေလွှဲပေးခဲ့သည်ဟု ဆိုသည်။
"မလွတ်သေးဘူးတဲ့။ လွတ်မယ့်သတင်းကြားတော့ သားအတွက် စရိတ်ရအောင်လို့လေ"ဟု ဒေါ်ရေးက မဇ္ဈိမကိုပြောသည်။
ဗုဒ္ဓဟူးနေ့ မနက် ၁ဝ နာရီက ကလေးထောင်ပိုင် ချင်းတိုင်းရင်းသား ဦးဂိုကျင်ပါအား ဒေါ်ရေးက ဖုန်းဆက် မေးမြန်း ခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင်စတင်ကာ လေးရက်ကြာ ချစ်ကြည်ရေး ခရီး လည်ပတ်နေသော သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆,၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ပါမည်ဟု အကျဉ်းဦးစီးဌာန သတင်းရပ်ကွက်တခုက မဇ္ဈိမသို့ ပြောသည်။
သုံးသုတ်ခွဲ၍ လွှတ်မည်ဟု ယုံကြည်ရပြီး ပထမဆုံးနေ့တွင် နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ လွတ်မြောက်လာသောနိုင်ငံရေး အကျဉ်း သား ၁၈၀ ကျော် ရှိသွားပြီးဖြစ်သည်ဟု အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးနိုင်းနိုင်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မြန်မာအစိုးရ၏ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆို လိုက်သော် လည်း "အနည်း ဆုံးသော ပထမ ခြေလှမ်း" ဟု ခေါ်ဆိုလိုက်သည်။
"ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းထောင်တွင်း ကျန်ရစ်နေသူ အားလုံးကို ခြွင်းချက် မရှိ ချက်ခြင်း လွှတ်ပေးဖို့လိုသည်" ဟု အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ရှိသည်ဟု ခန့်မှန်းထားရာ အနည်းငယ်သာ လွှတ်ပေးမည်
ဆိုလျှင် "အာဏာ ပိုင်များ မကြာခင် ကပဲ ကတိပေး ခဲ့တဲ့ မြန်မာမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်မယ် ဆိုတာနဲ့ မညီဘူး” ဟုလည်း ပါရှိသည်။
နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သူ နော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အတ်စပင်န် ဘာ့သ် အိုင်ဒဲ (Espen Barth Eide) ကမူ အကျဉ်းသားများကို နှစ်သုတ်ခွဲ လွှတ်မည် ယူဆကြောင်းသတင်း ဌာန များကို ပြောဆို ထားသည်။
အသက် ၆၂ နှစ် ရှိပြီဖြစ်သော ဒေါ်ရေးတွင် သားလေးယောက်၊ သမီးနှစ်ယောက် ရှိသည့်အနက် ဦးဂမ္ဘီရမှာစတုတ္တ မြောက်သား ဖြစ်သည်။ သားကြီးဖြစ်သူ ဦးအောင်ကျော်ကျော်မှာလည်း နိုင်ငံရေးမှုဖြင့် တောင်ကြီးထောင်တွင် ရှိနေသေးသည်။
ပဉ္စမမြောက်သားဖြစ်သူ ဦးအောင်ကိုကိုလွင်မှာမူ ကျောက်ဖြူထောင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့တွင်ထောင်မှ လွှတ်လိုက်ပြီ ဖြစ်သည်ဟု ထောင်ပိုင်မှတဆင့် သိရကြောင်း ဒေါ်ရေးက မဇ္ဈိမသို့ ပြန်ပြောပြသည်။
ဦးဂမ္ဘီရအတွက်မူ “မနက်ဖြန် ကျမှ ထပ်ဆက်ကြည့်ရမှာပေါ့” ဟု ဒေါ်ရေးက ဆိုသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com